Home
နိုင်ငံတကာ
ဂါဇာရှိ မိုးမျှော်တိုက်ကို အစ္စရေးက  တိုက်ခိုက် 
DVB
·
September 6, 2025
Photo :Reuters

ဂါဇာကမ်းမြောင်မှာ ငရဲတံခါးတွေ ပွင့်နေပြီလို့ အစ္စရေး ကာကွယ်ရေးဝန်ကြီးက သတိပေးခဲ့ပြီးနောက် စက်တင်ဘာ ၅ ရက်မှာ အစ္စရေးတပ်ဖွဲ့ဝင်တွေဟာ ဂါဇာစီးတီးရဲ့ လူနေထူထပ်တဲ့ ဧရိယာရှိ လူနေအထပ်မြင့် အဆောက်အဦဖြစ်တဲ့ မုရှ်တာဟာ မိုးမျှော်တိုက်ကြီးကို တိုက်ခိုက်ခဲ့ပါတယ်။

ဂါဇာကို သိမ်းပိုက် ထိန်းချုပ်ဖို့အတွက် တိုက်ပွဲကို တစိတ်တပိုင်း အရှိန်မြှင့်တဲ့အနေနဲ့ နောက်ထပ် အထပ်မြင့်အဆောက်အအုံတွေကို တိုက်ခိုက်ဖို့ စီစဉ်ထားတယ်လို့လည်း အစ္စရေးစစ်တပ်က ပြောပါတယ်။

အဲဒီနေရာကို ဟားမာ့စ်တွေ လည်ပတ်လုပ်ကိုင်နေတာဆိုတဲ့ အစ္စရေးရဲ့ အခိုင်အမာ ပြောဆိုချက်တွေကိုတော့ အဆောက်အအုံ စီမံရေးအဖွဲ့က ပယ်ချထားပါတယ်။

တိုက်ခိုက်မှုကနေ အသက်ရှင်ကျန်ရစ်သူတွေဟာ ထွက်ပြေးဖို့ကလွဲလို့ ရွေးချယ်စရာ မရှိတော့ဘဲ အဝတ်တထည် ကိုယ်တခုနဲ့သာ ထွက်ပြေးလွတ်မြောက်ခဲ့ကြရပါတယ်။ 

အဲဒီအဆောက်အအုံမှာ နေထိုင်ခဲ့တဲ့ စစ်ဘေးရှောင် ပါလက်စတိုင်းတယောက်ဖြစ်တဲ့ ယက်ဆာ အာရဖတ်က “ကျနော်တို့ လမ်းပေါ်မှာ ရှိနေတုန်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပါ။ ကျနော်တို့ သုံးစွဲတဲ့ အခြေခံပစ္စည်း အနည်းငယ် အပါအဝင် ကျနော်တို့ရဲ့ ပစ္စည်းတွေကို ဘာမှပြန်ယူလို့ မရပါဘူး။ ဘာမှလဲ မကျန်တော့ပါဘူး။ အခု မြင်တဲ့အတိုင်းပဲ၊ ဘာပိုင်ဆိုင်မှုမှ၊ ဘာကိုယ်ပိုင်ပစ္စည်းတွေမှ မရှိတော့ဘဲ အပြင်မှာ နေ နေရတယ်”လို့ ပြောပါတယ်။

မြေပြင်ရှိ မျက်မြင်သက်သေတွေကတော့ အဲဒီတိုက်ခိုက်မှုကို အရပ်သားအဆောက်အအုံတွေကို ပစ်မှတ်ထားပြီး အရှိန်မြှင့်လိုက်တဲ့ အစ္စရေးရဲ့ မဟာဗျူဟာ သက်သေပဲ လို့ မြင်ကြပါတယ်။ 

တိုက်ခိုက်ဖျက်ဆီးခံလိုက်ရတဲ့ မုရှ်တာဟာ မိုးမျှော်တိုက်ရဲ့ အနီးအနားမှာ နေထိုင်တဲ့ ပါလက်စတိုင်းဒေသခံ နာအဲလ် အိုကေးလာ က  “ကျနော်တို့အပေါ် တိုက်ခိုက်မှုတွေက ဒီနေ့မှာတော့ မိုးမျှော်တိုက်တွေနဲ့ တိုက်ခန်းတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်တာတွေ ပြင်းထန်လာတယ်။ ကျနော်တို့ ပတ်ဝန်းကျင်က  မိုးမျှော်တိုက်တွေလည်း ဒီနေ့ ဗုံးကြဲခံရတော့မယ့် ခြိမ်းခြောက်မှုတွေ ရှိနေပါတယ်။ အခု တိုက်ခိုက်မှုတွေက အထပ်မြင့်တိုက်တွေနဲ့ လူနေအဆောက်အအုံတွေကို အဓိကထား လုပ်ဆောင်နေတာပါ”လို့ ပြောပါတယ်။ 

ဂါဇာစီးတီးကို ဗဟိုပြုတဲ့ တိုက်ခိုက်မှုအများအပြား လုပ်ဆောင်ခဲ့တာမှာ အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ကလေးငယ် ၇ ယောက် အပါအဝင် ဂါဇာမှာ မနေ့က  အနည်းဆုံး လူ ၄၄ ယောက် သေဆုံးခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013