
အစ္စရေးဟာ ဂါဇာမြို့တော်ရဲ့ ၄၀ ရာခိုင်နှုန်းကို သိမ်းပိုက်ထားပြီး လာမယ့်ရက်တွေမှာ စစ်ဆင်ရေးတွေကို ဆက်ပြီး အရှိန်မြှင့်သွားမယ်လို့ အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် အက်ဖီ ဒက်ဖရင်က စက်တင်ဘာ ၄ ရက်မှာ ပြောပါတယ်။
ဟားမတ်စ်တွေဟာ ဂါဇာမြို့တော်မှာ အင်အားအပြည့်နဲ့ အစ္စရေးစစ်တပ်ကို ရင်ဆိုင်ရမှာဖြစ်ပြီး မပျက်စီးမချင်း ဟားမတ်စ်ကို ဖိအားပေးသွားမှာဖြစ်ပြီးတော့ ဘယ်နေရာဖြစ်ဖြစ် သူတို့နောက်ကို လိုက်နေမှာပဲလို့လည်း ဆိုပါတယ်။
အစ္စရေးရဲ့ ထွက်ခွာခိုင်းတဲ့အမိန့်ကို ထောင်နဲ့ချီတဲ့ ဒေသခံတွေက ဖီဆန်နေချိန်မှာ အစ္စရေးရဲ့ ဗုံးကြဲချမှုကြောင့် ပါလက်စတိုင်းတွေဟာ သူတို့ရဲ့နေအိမ်တွေကို မဖြစ်မနေ စွန့်ခွာခဲ့ရပြီး အစ္စရေးရဲ့ နောက်ဆုံးချီတက်မှု လမ်းကြောင်းမှာ အပျက်အစီးတွေထဲ ကျန်ရစ်ခဲ့ပါတယ်။
အစ္စရေးတပ်ဖွဲ့တွေဟာ မြို့ပြင် ဆင်ခြေဖုံးတွေကို ဖြတ်ပြီး ချီတက်လာခဲ့ရာမှာ အခုခါ ဂါဇာစီးတီးရဲ့ မြို့လယ်ကနေ ကီလိုမီတာ အနည်းငယ်သာ ကွာဝေးတော့တာ ဖြစ်ပါတယ်။
ဂါဇာကမ်းမြောင်အနှံ့ အစ္စရေးရဲ့ ပစ်ခတ်မှုတွေကြောင့် စက်တင်ဘာ ၄ ရက်နေ့မှာ ဂါဇာစီးတီးထဲက အများစု အပါအဝင် အနည်းဆုံး လူ ၅၃ ယောက် သေဆုံးခဲ့တယ်လို့ ဂါဇာ ကျန်းမာရေး အာဏာပိုင်တွေက ပြောပါတယ်။
အစ္စရေးဟာ သြဂုတ် ၁၀ ရက်က ဂါဇာစီးတီးမှာ ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး စစ်ပွဲရဲ့ အစပိုင်းအဆင့်မှာ အစ္စရေးတပ်တွေ အပြင်းအထန် တိုက်ပွဲဝင်ခဲ့တဲ့ ဂါဇာကမ်းမြောင်ရဲ့ အစိတ်အပိုင်းမှာ ဟားမတ်စ် စစ်သွေးကြွတွေကို ချေမှုန်းပစ်တော့မယ့် အစီအစဉ်ဖြစ်ကြောင်း နေတန်ယာဟုက ပြောထားတာပါ။
ဒီလှုပ်ရှားမှုကြောင့် နယ်မြေအတွင်း လူသားချင်းစာနာမှု အကျပ်အတည်းကြောင့် နိုင်ငံတကာရဲ့ ပြစ်တင်ဝေဖန်မှုကို ကြုံတွေ့ခဲ့ရပြီး အစ္စရေးအတွင်းမှာလည်း စစ်တပ်အရာရှိတွေနဲ့ နိုင်ငံရေးခေါင်းဆောင်တွေအကြား မဟာဗျူဟာဆိုင်ရာ တင်းမာမှု အပါအဝင် စိုးရိမ်မှုတွေ ဖြစ်ပေါ်ခဲ့ကြပါတယ်။
Source: Reuters