
နန်းလုသောခါ
မရရှာပဲ
ဆက်ခါ ဇာတ်သိမ်းဆိုးတကား ။ ။
မြင်ကွန်းမင်းသားဟာ ဖခင်နဲ့ ဦးလေးတော်ကို သတ်ပြီး ကုန်းဘောင်ထီးနန်းကို သိမ်းဖို့ကြံခဲ့ပေမဲ့ မရရှာဘဲ ဇာတ်သိမ်းမလှခဲ့ပါ။
ဗိုလ်ချုပ်မှူးကြီး စောမောင်ဟာလည်း အလားတူ အာဏာသိမ်းခဲ့ပေမဲ့ အာဏာမရ ဇာတ်သိမ်းမလှ။
ဖောင်းကားစားမောင်မောင်ဟာလည်း ရာဇဝင်မှာ စာတင်လောက်အောင်ကို သူသိမ်းတဲ့ထီးနန်း ၇ ရက်သာ ခံသတဲ့။
အခုလည်း စစ်အာဏာရှင် မင်းအောင်လှိုင်ဟာ သိမ်းထားတဲ့ အာဏာကုလားထိုင်မှာ စစ်ကိုင်းငလျင်ထက် ကြီးစွာလှုပ်ခါနေပြီး ပြုတ်ကျလုလုကို ရင်ဆိုင်နေရလို့ မနည်းငြိမ်အောင် ကိုင်ထားရ။
မြင်ကွန်းမင်းသားကြီး နန်းအာဏာလုသော်လည်း အဆိပ်မိကာ သေရှာရ
မြင်ကွန်းမင်းသား၊ အစဉ်သွားလျှင်
ဘုရင်ဖြစ်မည်၊ လောဘသည်ကြောင့်
သူရည်မှန်းကာ၊ အာဏာနန်းလု
ကြံစည်မှုလည်း၊ ရှုံးပွဲသာဆင်
သူနေဝင်သော်၊ အဆိပ်ပင်စာ
ဒုက္ခများခဲ့ရသည်တကား။ ။
မြင်ကွန်းမင်းသားဟာ မင်းတုန်းဘုရင်ရဲ့ အကြီးဆုံးသားပါ။ အလောင်းမင်းတရားကြီး သားတော် အစဉ်အဆက်အတိုင်း နန်းမွေဆက်ခံရမယ်လို့ ပြောခဲ့တာကို သူက လက်ခံတယ်။ သူကလည်း သားအကြီးဆုံးမို့ ဘုရင်ဖြစ်ရမယ်လို့ စွဲပြီး လောဘကြီးသူ။ ဒါကြောင့် ကုန်းဘောင် ထီးနန်း အာဏာလုခဲ့တယ်။ မြင်ကွန်း မြင်းခုံတိုင် အရေးအခင်းလို့ ခေါ်တာပေါ့။ ဒီနန်းလုပွဲက ရတနာပုံခေတ်နှောင်းပိုင်း ၁၈၆၆-ခုနှစ်၊ ဩဂုတ်လ ၂ ရက်၊ ကြာသပတေးနေ့မှာ ဖြစ်တယ်။ မင်းတုန်းဘုရင်နဲ့ တောင်ရွှေရေးဆောင် မိဖုရားတို့က မွေးတဲ့ သားတော်ကြီး မြင်ကွန်းမင်းသား (သီလဝ) ရယ် မြင်းခုန်တိုင်မင်းသား (ဖိုးထင်) တို့ နှစ်ပါးက ဦးဆောင်ပြီး လွှတ်တော်မှာ စည်းဝေးနေတဲ့ အိမ်ရှေ့စံ ကနောင်မင်းသားကြီးကို သတ်ခဲ့တယ်။ ခမည်းတော် မင်းတုန်းဘုရင်ကိုပါ လုပ်ကြံဖို့ပဲ။ ဒါပေမဲ့ မအောင်မြင်ခဲ့ဘူး။ ထွက်ပြေးကြရတယ်။ ဘုရင်ပိုင် ရေနန်းစကြာသင်္ဘောကို သိမ်းပြီး အင်္ဂလိပ်သိမ်းထားတဲ့ မြန်မာပြည်အောက်ပိုင်းကို ဝင်ရောက်ခိုလှုံသွားခဲ့တယ်။ အင်္ဂလိပ်က မြင်ကွန်းမင်းသားကြီးကို ဖမ်းပြီး အိန္ဒိယကိုပို့တယ်။ အိန္ဒိယမှာ အဖမ်းခံရ၊ ထွက်ပြေး။ ပြင်သစ်ရောက်လိုက် ဗီယက်နမ်ရောက်လိုက်နဲ့ ထီးနန်းပြန်ရရေးအတွက် မြန်မာပြည်ကို ပြန်ဝင် သိမ်းပိုက်ဖို့ မြင်ကွန်းမင်းသားက အကြိမ်ကြိမ်ကြိုးစားခဲ့သေးတယ်။ နှစ်ပေါင်းများစွာကြာတိုင် ပြင်သစ်အစိုးရ၊ အင်္ဂလိပ်အစိုးရတို့နဲ့ အကူအညီ လက်နက် ငွေကြေး စတာတွေကို တောင်းဆို ညှိနှိုင်းကြပြီး အခါခါ အကြိမ်ကြိမ် ကြိုးစား ကြံစည် အားထုတ်ခဲ့ပေမဲ့ သဲထဲရေသွန် ဆားလှေမှောက်ပျောက် အဖြစ်ဆိုးခဲ့ရတယ်။ နောက်ဆုံးမှာ ပြင်သစ်အစိုးရလက်ချက် ပွဲတော်တည်ရာမှာ အဆိပ်ခတ် သတ်ခံလိုက်ရပြီး နတ်ရွာစံသွားခဲ့ရတယ်။ မှတ်တမ်းတွေအရ တူတော် မြင်းခုန်တိုင် ထိပ်တင်လတ်က ၁၉၂၁ ခုနှစ် စက်တင်ဘာလ ၆ ရက်မှာ ကံတော်ကုန်တယ်။ မြင်းခုန်တိုင် ထိပ်တင်ကြီးဟာ စက်တင်ဘာ ၁၁ ရက်နဲ့ မြင်ကွန်းမင်းသားကြီးက ၂၀ စက်တင်ဘာ ၁၉၂၁ မှာ ကံတော်ကုန်ခဲ့ပါတယ်။ သူသာမက တူ ၂ ယောက်ပါ နေဝင်မိုးချုပ် အဖော်လုပ် ခေါ်ထုတ်သွားပါတကား။ ဒီလိုနဲ့ ဦးလေးကိုတောင် သတ်ဝံ့သူ။ အဖေကိုတောင် သတ်ဖို့ကြိုးစားသူ။ ဇနီးသည်ကိုတောင် ရက်ရက်စက်စက် ပက်ပက်စက်စက် အရိုးကြေအောင် မောင်းထောင်းသတ်ခဲ့သူ၊ အာဏာအတွက် သတ်ဖြတ်ရေးမှာ ဝန်မလေးသူ မြင်ကွန်းမင်းသားဟာ နိဂုံးမလှပခဲ့ပါ။
ဗိုလ်ချုပ်မှူးကြီးစောမောင် ၈၈၈၈ အာဏာသိမ်းသူ နေဝင်ချိန်
ချိုကုပ်နယူးကြီး
ကြောပြောင် ။
ဗိုလ်ချုပ်မှူးကြီး
စောမောင် ။
၈၈၈၈ အရေးတော်ပုံကြီးကို ဆန့်ကျင်ပြီး စစ်အာဏာသိမ်းခဲ့သူဟာ ဗိုလ်ချုပ်မှူးကြီး စောမောင်ပါ။ ၈၈၈၈ အရေးတော်ပုံကြီးမှာ ပစ်သတ်၊ ရိုက်သတ်၊ ဖမ်းဆီး၊ ထောင်ချ၊ နှိပ်စက်ဖို့တွေမှာ တာဝန်ရှိသူ တရားခံက ကာချုပ် ဗိုလ်စောမောင်ပေါ့။ ခရမ်း NLD အမတ် ဦးတင်မောင်ဝင်းကို နှိပ်စက် သတ်ဖြတ်ခဲ့ပြီး “ဆောရီးပါဗျာ။ ကျနော်တို့ လက်လွန်သွားတယ်။” ဆိုပြီး ဦးတင်မောင်ဝင်းရဲ့ အစ်ကို ဗိုလ်မှူးကြီးဇော်ဝင်းကို ခပ်တည်တည်နဲ့ ပြောခဲ့သူဟာလည်း ထိုစဉ်က ကာချုပ် စောမောင်ပါပဲ။ သူဟာ ၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ အာဏာသိမ်းခေါင်းဆောင်ပေါ့။ ၁၉၉၀ ရွေးကောက်ပွဲ မတိုင်ခင်က “မဲနိုင်ပါတီကို အာဏာလွှဲပေးမယ်။ စစ်တပ်က စစ်တန်းလျားပြန်မယ်” လို့ ပြောတာလည်း သူ။ ရွေးကောက်ပွဲပြီးလို့ စစ်တပ်ပါတီ တစည ခွက်ခွက်လန် ရှုံးသွားတော့ “အာဏာလွှဲတယ်ဆိုတာ ဟဲ ဟဲ လွယ်လွယ်ပြော လွယ်လွယ်လုပ်ပေးလို့ မရဘူး။” ဆိုပြီး ဗြောင်လိမ်ဗြောင်စား လုပ်တာလည်း သူပါပဲ။ ဒါပေမဲ့ သူချုပ်ကိုင်ထားချင်တဲ့ အာဏာဟာ သူ့လက်ဝယ်မှာ တရားသဘောအရ မတည် မမြဲခဲ့ပါဘူး။ သူလည်း ရာဇဝင်လာ မြင်ကွန်းမင်းသားလိုပဲ ထီးနန်းအာဏာ လုခဲ့သော်လည်း မမြဲခဲ့ပါတကား။ ဖြစ်ပုံက ဤသို့ဤပုံပါ။
ဗိုလ်စောမောင်ဟာ ၁၉၉၇ ခုနှစ် ဇူလိုင်လ ၂၄ ရက်က ရန်ကုန်မြို့ နေအိမ်မှာ ဆုံးပါတယ်။ ၁၉၉၂ ခုနှစ် ဧပြီ ၂၃ ရက်နေ့က ကျန်းမာရေးအခြေအနေအရ အနားမယူလျှင် မဖြစ်တော့လို့ ဥက္ကဋ္ဌ ဗိုလ်စောမောင်ကို အနားပေးလိုက်ကြောင်း သန်းရွှေလက်မှတ်နဲ့ ကြေညာချက်ထုတ်တယ်။ ဗိုလ်ချုပ်ကြီးစောမောင်ကို ဖြုတ်တဲ့နေ့မှာ ဇနီး ဒေါ်အေးအေးရီ စစ်ရုံးပေါ် တက်လာပါတယ်။ တက်လာပြီးတော့ ဗိုလ်ချုပ်ကြီးသန်းရွှေအခန်းကို သွားပြီး လက်ညှိုးထိုးပြီးတော့မှ ဆူပူတာပေါ့။ “ရှင်တို့ ဒီလောက် တယောက်နဲ့တယောက် အတူတွဲလုပ်လာပြီးမှ၊ သစ္စာမဲ့ရသလား”၊ “ရှင်တို့ ဒီလို အာဏာယူမယ်ဆိုရင်လည်း၊ သူ့ကို ပြောရင် ပြောလို့ရတာပဲ”၊ “ပြောပြီးမှ လုပ်လည်း ဘာမှ လက်မခံစရာအကြောင်းမှ မရှိတာ၊ အခု ရေဒီယို တီဗီတို့က သတင်းထွက်လာတော့မှ သိရတာတဲ့။” ဒေါ်အေးအေးရီ ရုံးပေါ်က ဆင်းသွားပြီးတဲ့အခါ ဗိုလ်ချုပ်မှူးကြီးစောမောင် သေနတ်ကိုင်ပြီး ရုံးပေါ်တက်လာရင် ဘယ်လိုလုပ်ကြမလဲလို့ တယောက်တပေါက် ပြောကြရာမှာ အတွင်းရေးမှူး ၁ ဗိုလ်ချုပ်ကြီးခင်ညွန့်က “ဘာမှမပူပါနဲ့၊ ဗိုလ်ချုပ်မှူးကြီးစောမောင်ရဲ့ သေနတ်ထဲမှာ ယမ်းနုတ်ထားတဲ့ ကျည်ဆန်တွေ ထည့်ပေးထားလို့ ပစ်ရင်လည်း ထွက်မှာမဟုတ်ဘူး” လို့ ပြောမှ စိတ်အေးကြရကြောင်း ဗိုလ်ခင်ညွန့်က သူကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိမှာ ဖော်ပြခဲ့ပါတယ်။
ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို အာဏာမလွှဲခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးစောမောင်ဟာ ရာထူးဖယ်ရှားခံခဲ့ရပြီး ၄ နှစ်အကြာ ၁၉၉၆ ခုနှစ် အသက် ၆၈ နှစ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ သူဟာ စိတ္တဇနဲ့ ဆုံးသွားတယ်လို့လည်း သတင်းထွက်ပါတယ်။ နိဂုံးမလှခဲ့သူကြီး စောမောင်ဟာ ၈၈ အာဏာသိမ်းပြီး ၄ နှစ်တောင် မကြာတဲ့အချိန်မှာပဲ သန်းရွှေ ခင်ညွန့် စတဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ အကောက်ကြံ အာဏာသိမ်းခံဘဝနဲ့ နေဝင်ချိန်က သိပ်မလှဘဲ ဖြစ်ပုံဆိုးခဲ့ရပါတယ်။ ၈၈ အာဏာသိမ်းကာချုပ် စောမောင် ၄ နှစ်မကြာ အာဏာလက်လွတ် ငှက်တောင်ကျွတ်ခဲ့ရပေမဲ့ ၂၁ အာဏာသိမ်း ကာချုပ် မင်းအောင်လှိုင်ကတော့ ၄ နှစ်ကြာတိုင် စစ်ပွဲတွေကြား အောက်လမ်း အထက်လမ်း မျိုးစုံသုံး ကြိုးစားနေဆဲပါ။ မင်းအောင်လှိုင်ကော နောက်ထပ် ဘယ်လောက်ကြာကြာ ရာဇပလ္လင် ဖင်မြဲဦးမည်လဲ။ စောင့်ကြည့်ကြပါလေ။
ဖောင်းကားစားမောင်မောင် ၇ ရက်တောင် ပလ္လင်မမြဲ
ဖောင်းကားစားမောင်မောင်ဟာ အလောင်းမင်းတရားရဲ့ မြေးတော်ဖြစ်ပြီး နောင်တော်ကြီးမင်းရဲ့ သားတော်ပါ။ သမန်းဖောင်းကားရွာကို စားရတဲ့အတွက် ဖောင်းကားစားလို့ အမည်တွင်တာပါ။ သူ ထီးနန်းလုပုံကတော့ အစ်ကိုဝမ်းကွဲတော်တဲ့ စဉ့်ကူးမင်း အညာသီဟတောဘုရားကို ဘုရားဖူးသွားနေတုန်း ရွာသား တောသားတွေကို စည်းရုံးလူစုပြီး နန်းတော်ထဲကို ဘုရင် အယောင်ဆောင်ဝင် ထီးနန်းသိမ်း အာဏာလုခဲ့တာပါ။ ဒါပေမဲ့ ချက်ချင်းဆိုသလို ဖောင်းကားစားမောင်မောင်နဲ့ အတူပါလာတဲ့ ရွာသားတွေ၊ တောသားတွေက အင်းဝနေပြည်တော်ရဲ့ ကြီးကျယ်မှုကို မြင်ရတဲ့အခါ လောဘတက်ပြီး ဘုရင်နာမည်သုံး သူဌေးအိမ်တွေကို ဝင်ရမ်းကား လိုချင်သမျှကိုလည်း လုယူကြပါတော့သတဲ့။ (မင်းအောင်လှိုင် အာဏာသိမ်းထားပြီး စစ်တပ်၊ ရဲနဲ့ ပျူစောထီးတွေက ဒီနေ့ မြန်မာပြည်သူတွေကို လုယက်နေပုံနဲ့ တူသလိုပါပဲ။) ဖောင်းကားစားဟာ ကိုယ်တိုင်လည်း သောက်စား ပျော်ပါးနေခဲ့ပြီး ကုန်းဘောင်ခေတ်ရဲ့ နန်းသက်အတိုဆုံးမင်းဘဝနဲ့ ၇ ရက်ပဲ ထီးနန်းစံခဲ့ရပါတယ်။ သူ့ရဲ့ ဦးရီးတော် ဗဒုံမင်းက ဖောင်းကားစားဆီကနေ ထီးနန်းအာဏာကို သိမ်းပိုက်ခဲ့ပါတယ်။ ဒီလိုနဲ့ပဲ အာဏာသိမ်း ၇ ရက် ဘုရင် ဖောင်းကားစားမောင်မောင်ဟာ ဗဒုံမင်းရဲ့ ကတ္ထီပါအိတ်ထဲထည့် ဧရာဝတီမြစ်ရေထဲချ စီရင်တာ ခံခဲ့ရပါတော့တယ်။ အာဏာသိမ်း မြင်ကွန်းမင်းသား၊ ဗိုလ်ချုပ်မှူးကြီး စောမောင်နဲ့ ဖောင်းကားစား မောင်မောင်တို့ရဲ့ နေဝင်မိုးချုပ် အကျိုးယုတ်ခဲ့ကြပုံ ရာဇဝင်ဆိုး သမိုင်းဆိုးတွေပါ။
၅ နှစ်ကြာ စစ်အာဏာသိမ်းထားပေမဲ့ အာဏာမရသေးသူ
မြင်ကွန်းမင်းသားကြီးကတော့ အခါတော်ပေး ဦးပုညရဲ့ ဗေဒင်အရ အာဏာလုခဲ့တယ်။ ပထမ မင်းတုန်းမင်းကြီး လယ်ထွန်မင်္ဂလာဆင်းချိန် ကြံစည်ခဲ့တာလည်း မအောင်မြင်ခဲ့၊ နောက်တကြိမ်လည်း မအောင်မြင်ခဲ့ဘဲ ပြေးရတော့တာပေါ့။ ရန်ကုန်၊ အိန္ဒိယ၊ ပြင်သစ်၊ ဗီယက်နမ် စသဖြင့် သူ့အသက် ၈၀ တိုင် ကြိုးစားကြံစည်ခဲ့ပေမဲ့ ထီးနန်းအာဏာ ရမသွားခဲ့ပါ။ နောက်ဆုံး အဆိပ်မိ ဇာတ်သိမ်း။
အခု အာဏာသိမ်းထားတဲ့ မင်းအောင်လှိုင်ကလည်း ဘယ်အခြေဆိုက်လေမည်နည်း။ စောင့်ကြည့်ကြပါစို့။
CDM MRTV သတင်းသမား အမျိုးသမီးလေးတယောက်က DVB ကို အင်တာဗျူး ဖြေခဲ့တယ်။ အာဏာသိမ်းထားတာ ၅ နှစ်ကြာပြီ။ အခုထိ မင်းအောင်လှိုင်က အာဏာမရသေးဘူးတဲ့။ သွားမေးတဲ့ သတင်းထောက်က မရှင်းလို့ ပြန်မေးတယ်။ အခုက မင်းအောင်လှိုင် စစ်တပ်က အာဏာသိမ်းပြီး အုပ်ချုပ်နေတာပဲလေ။ အာဏာမရသေးဘူးလို့ ဘာကြောင့် ပြောတာလဲဆိုတော့ မိန်းကလေးက ပြန်ဖြေပါတယ်။ စစ်တပ်က အာဏာရသွားပြီဆိုရင် ငြိမ်နေရမှာပေါ့။ သူတို့ အာဏာမရသေးလို့ တတိုင်းလုံး တပြည်လုံး တိုက်ပွဲတွေ ဖြစ်နေတာပေါ့တဲ့။ အာဏာသိမ်း စစ်သားတွေဟာ နေ့စဉ် ၁၀ ဂဏန်းကနေ ရာဂဏန်းအထိ သေဆုံး ကျဆုံး ဖမ်းမိ ထွက်ပြေး အင်အားတွေ ဆုံးရှုံးနေတယ်။ စစ်မှုမထမ်းမနေရဆိုပြီး တပ်ထဲကို ဖမ်းထည့်ထားသူတွေကလည်း အခြေအနေမကောင်းပါ။ စစ်သက် ၁၀ နှစ် နှစ် ၂၀ စစ်သားတွေတောင် စိတ်ဓာတ်ကျပြီး အလံဖြူတွေထောင်၊ ထွက်ပြေးနေချိန်မှာ ဝက်ဖမ်း ကြက်ဖမ်း ဖမ်းခေါ်ထည့်ထားရတဲ့ တပ်သားသစ်တွေက ဘယ်လိုမှ ကြိုးစားပမ်းစား စစ်တိုက်မှာ မဟုတ်ဘူးလေ။
အိပ်ဆေးထိုးပြီး အိပ်နေရတဲ့ မင်းအောင်လှိုင်
ဗိုလ်စောမောင်လည်း နောက်ဆုံးအချိန်များမှာ စိတ္တဇနဲ့ နေသွားရတယ်တဲ့။ ဗိုလ်မင်းအောင်လှိုင်လည်း အိပ်ဆေးသောက်ရတဲ့အဆင့် မဟုတ်ဘဲ အိပ်ဆေးထိုးပြီး အိပ်ရတဲ့ အခြေအနေလို့ ဘာတေးလင့်တနာရဲ့ ဆောင်းပါးမှာ ဖတ်ရတယ်။ ဧရာဝတီတိုင်းမှာ ကွန်မြူနစ် နှိမ်နင်းရေးကာလက ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ မဆလစစ်တပ်က ဗိုလ်မှူးသိုးထိန်းဟာ သူအမိန့်ပေး သတ်ခဲ့သူတွေကို စွဲနေပြီး အိပ်စက်မရ ည ထထအော်လို့ ရဲဘော် ၄ ယောက်က ဝိုင်းဖိထားရဖူးသတဲ့။ မကြာခင်ပဲ ဗိုလ်သိုးထိန်းလည်း ဒီစိတ်နဲ့ပဲ ဆုံးခဲ့ရတာလို့ ဗိုလ်ကြီးဟောင်းဝင်းထိန်က ရေးထားခဲ့တယ်။ ဗိုလ်သိုးထိန်းလိုပဲ ဗိုလ်မင်းအောင်လှိုင်လည်း မြသွဲ့သွဲ့ခိုင်ကစ သူအမိန့်ပေး သတ်ခဲ့သူ ၇,၀၀၀ ကျော်ရဲ့ ဝိညာဉ်တွေက သူ့ကို သွားရောက် ခြောက်လှန့်နေပြီလား။ ဗုဒ္ဓဘာသာ တရားတော်အရ သူ့အကုသိုလ်က သူ့လားရာဂတိကို ပြနေတတ်ပါတယ်။ နိမိတ်တွေ ပြနေပြီလား။ ဒါမျိုးတွေက အိပ်မရ ဖြစ်ကြမြဲပါ။ တပြည်လုံးက ပြန်ချနေလို့ PDF တွေ တိုင်းရင်းသားတပ်တွေက အားကောင်းလာနေပြီ။ တပြည်လုံး တကမ္ဘာလုံးက မြန်မာပြည်သူတွေကလည်း ထောက်ပို့တပ်ကြီး ဖြစ်လာနေပြီ။ စစ်အာဏာရှင်ရဲ့ ရန်သူတွေက အင်အား တနေ့တခြား ကြီးထွားလာနေပြီ။ ဒါတွေကို စစ်အာဏာရှင်တွေ မင်းအောင်လှိုင်တို့ မတွေးဘဲ နေမှာမဟုတ်ပါ။
အာဏာလုသူတွေရဲ့ သွားရာလမ်း
ဂဠုန်ဦးစောဟာ အာဇာနည်တွေကို လုပ်ကြံပြီးရင် သူအာဏာရမယ် ထင်ခဲ့တယ်။ ဒါပေမဲ့ ကြိုးစင်တက်သွားခဲ့ရတယ်။ အာဏာလုသူ ဖောင်းကားစားမောင်မောင်လည်း နန်းစံသက် အကြာကြီး စံရမယ်လို့ ထင်မှတ်ခဲ့တယ်။ ဒါပေမဲ့ ၇ ရက်အကြာ ရေချသတ်ခံခဲ့ရတယ်။ အာဏာသိမ်းသူကြီး ဦးနေဝင်းရဲ့ နောက်ဆုံးခရီးကလည်း နေအိမ် အကျယ်ချုပ်ခံဘဝ သောက ပရိဝေဒတွေနဲ့ နေဝင်သွားခဲ့ရတာ အားလုံးအသိ။ ၈၈၈၈ အာဏာသိမ်း ဗိုလ်စောမောင်လည်း ဇာတ်သိမ်းမလှ။ အာဏာသိမ်း ဗိုလ်ချုပ်ခင်ညွန့်ကော ဘယ်လိုခံစားခဲ့ရပါသလဲ။ ဘယ်လို အဖြစ်ဆိုးသွားပြီလဲ။ ရာဇဝင်လာ နန်းအာဏာလုသူ မြင်ကွန်းမင်းသားကြီးရော ဘယ်လို အဖြစ်ဆိုးနဲ့ နိဂုံးချုပ်ခဲ့သလဲ။ အာဏာသိမ်း အာဏာလု အာဏာရှင်တွေဆိုတာ ကမ္ဘာတဝန်းမှာလည်း နေဝင်ချိန် အဖြစ်ဆိုးကြတာက ခပ်များများသာပါ။ လက်ရှိ လူမျိုးစုပေါင်းစုံ၊ ကျောင်းသား ဝန်ထမ်း ပြည်သူလူထုပေါင်းစုံက ဝိုင်းချတာခံနေရတဲ့ တပ်မတော်အတွင်း ဓမ္မဘက် လိုက်လိုသူတွေရဲ့ ချောင်းမြောင်း စောင့်ကြည့် အခွင့်ကောင်းအရှာခံနေရတဲ့ အာဏာသိမ်း မင်းအောင်လှိုင်နဲ့ စစ်အာဏာရှင်တွေကရော ဘယ်လို အဆုံးသတ်သွားမလဲ။ အခုအချိန်က စစ်အာဏာရှင် မင်းအောင်လှိုင်ဟာ မတရားသိမ်းထားတဲ့ အာဏာကုလားထိုင်မှာ စစ်ကိုင်းငလျင်ထက်ကြီးစွာ လှုပ်ခါနေပြီး ပြုတ်ကျလုလုကို ရင်ဆိုင်နေရလို့ မနည်းငြိမ်အောင် ကိုင်ထားရတဲ့ အခြေအနေပါ။ ဒါကြောင့်လည်း ဒေါ်လာသန်းပေါင်းများစွာ အကုန်ခံပြီး လော်ဘီတွေ အကြိမ်ကြိမ်ငှားပြီး ဘုရားတနေကြရတဲ့ အာဏာသိမ်းသူတို့ရဲ့ နေဝင်ခါနီး အချိန်ပါပဲ။ လူထုဒေါ်အမာကတော့ အာဏာရှင်ဟာ အရှင်မထွက်ပါဘူးတဲ့။ ဘယ်လို ဘယ်ပုံစံနဲ့ သွားမလဲ တိတိကျကျ ဆိုတာကိုတော့ ရုပ်ရှင်ဇာတ်ကားပြီးခါနီး စောင့်ကြည့်ကြသလို အားပါးတရ စောင့်ကြည့်ကြပါစို့။ ။
ထီးနန်းအာဏာ၊ လိုချင်ပါလည်း
ကြမ္မာနည်းစွ၊ လွဲကြရသည့်
ရှေးကအာဏာရှင်များသည်လည်းကောင်း။
နိုင်ငံအာဏာ၊ လိုချင်ပါ၍
ကြံကာသိမ်းရာ၊ စစ်အာဏာရှင်များ
ဇာတ်သိမ်းများကြ မလှပခြင်းများသည်လည်းကောင်း။ ။
မောင်တူး