
မန္တလေးတိုင်း၊ မြစ်သားမြို့နယ်မှာ ငွေကျပ် ၃ ဘီလီယံကျော် တန်ဖိုးရှိတဲ့ ဘိန်းဖြူ ကီလို ၁၂၀ ကျော်ကို ဩဂုတ် ၂၅ ရက်က ဖမ်းဆီးရမိတယ်လို့ စစ်တပ်လက်အောက်ခံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ (CCDAC) က စက်တင်ဘာ ၃ ရက်မှာ ထုတ်ပြန်ပါတယ်။
မြစ်သားမြို့နယ် အမှတ် (၃) ခရိုင်ချင်းဆက်လမ်းမှာ မော်တော်ယာဉ် ၂ စီးနဲ့ ဆိုင်ကယ်တို့ကို ရှာဖွေရာကနေ ဖမ်းမိခဲ့တာဖြစ်ပြီး ဘိန်းဖြူသယ်ဆောင်ရာမှာ ပါဝင်တဲ့ ကွင်းဆက်တရားခံ တယောက်ကိုလည်း ပြင်ဦးလွင်မြို့မှာ ဖမ်းမိတယ်လို့ ထုတ်ပြန်ပါတယ်။
ဒါပေမဲ့ ဘိန်းဖြူသယ်ဆောင်ရာမှာ အဓိက စီစဉ်တဲ့သူနဲ့ နောက်ထပ် ပါဝင်တဲ့ ကွင်းဆက်တရားခံ တယောက်ကတော့ လွတ်မြောက်နေပါသေးတယ်။
အဲဒီအမှုနဲ့ပတ်သက်ပြီး မော်တော်ယာဉ် ၄ စီးနဲ့ ဆိုင်ကယ် တစီးကိုပါ သိမ်းဆည်းထားပြီး ဖမ်းမိထားတဲ့သူတွေကိုလည်း မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားတယ်လို့ ထုတ်ပြန်ထားပါတယ်။