
ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့မှာ စစ်ကောင်စီတပ်က စစ်ဘေးရှောင်နေအိမ်ကို ဝင်ရောက်စီးနင်းပြီး ရခိုင်တိုင်းရင်းသား စစ်ဘေးရှောင် ၄ ယောက်ကို AA နဲ့ ဆက်နွှယ်တယ်ဆိုပြီး ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
စက်တင်ဘာ ၂ ရက် ည ၈ နာရီလောက်က ငရုတ်ကောင်းမြို့၊ နံ့သာပုနဲ့ သစ်ဖြူကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ပြီး ရခိုင်တိုင်းရင်းသား စစ်ဘေးရှောင် ဦးဝင်းသူ နဲ့ နောက်ထပ် ၃ ယောက်ကို ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။
အဖမ်းခံရသူတွေနဲ့ နီးစပ်သူ တယောက်က “အဖမ်းခံရတဲ့ ၄ ယောက်က ရခိုင်တိုင်းရင်းသားတွေပါ။ တိုက်ပွဲကြောင့် စစ်ရှောင်လာသူတွေ။ စစ်ကောင်စီတပ်က မနေ့ညက ရွာကိုစီးနင်းပြီးဖမ်းတာ။ AA တပ်နဲ့ ပတ်သက်တယ်ဆိုပြီး ဖမ်းဆီးခဲ့တာ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က သစ်ပြူနဲ့ နံ့သာပုကျေးရွာက စစ်ဘေးရှောင် တိုင်းရင်းသား ၄ ယောက်ကို ဖမ်းဆီးခဲ့တဲ့အပြင် ရွာထဲကအိမ်တွေ AA တပ်ဖွဲ့ဝင်တွေ ဝင်ရောက်ပုန်းအောင်းနေတယ်ဆိုပြီး ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့သေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ နီးစပ်သူက “AA တပ်သားတွေဆိုပြီး ဖမ်းတာ မှန်တယ်။ အဖမ်းခံရသူတွေက ဒီဘက်က မိသားစုတွေဆီ လာနေတာ တော်တော်ကြာနေပါပြီ။ ဟိုင်းကြီးကျွန်းက ပမ္မဝတီတပ်ထဲမှာ ဖမ်းချုပ်ထားတယ်လို့ပဲ သိရတယ်” လို့ ပြောပါတယ်။
အဲဒီအဖမ်းခံရတဲ့ စစ်ဘေးရှောင် ၄ ယောက်ဟာ အသက် ၅၅ နှစ်အရွယ် အမျိုးသားတယောက်နဲ့ အသက် ၂၇ ကျော်အရွယ် အမျိုးသား ၃ ယောက်ဖြစ်ပြီး သူတို့ကို စက်တင်ဘာ ၃ ရက်အထိ အဆက်အသွယ်မရသေးဘူးလို့ မိသားစုဝင်တွေက ဆိုပါတယ်။