Home
မြန်မာသတင်း
ကျောက်ဖြူမြို့နယ်တွင် စစ်ဘေးဒုက္ခသည် ၅၀,၀၀၀ ကျော်အထိရှိလာ
DVB
·
September 3, 2025

စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ကနေ ထွက်ပြေးတိမ်းရှောင်လာသူ စစ်ဘေးရှောင်ဦးရေ  ၅၀,၀၀၀  ကျော်အထိ တိုးလာနေပြီး နေထိုင်စားသောက်ဖို့ အခက်အခဲတွေ အများကြီး ရှိနေတယ်လို့ စစ်ဘေးရှောင်အရေး ဆောင်ရွက်သူတွေဆီက သိရပါတယ်။ 

ကျောက်ဖြူမြို့နယ်ကို အာရက္ခတပ်တော်က ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလကစလို့ မြို့သိမ်းတိုက်ပွဲဆင်နွှဲနေပြီး တိုက်ပွဲဧရိယာကျယ်ပြန့်လာတာနဲ့အမျှ နေ့စဉ်ရက်ဆက်တိုက်ပွဲ ပိုမိုပြင်းထန်လာနေတာပါ။ 

လက်ရှိမှာ ကျောက်ဖြူမြို့အနီးရှိ ဓညဝတီရေတပ်ဌာနချုပ်ရှိရာ သစ်ပုတ်‌တောင် အပါအဝင် ကပ်သပြေ၊ ကြတ္တိန်၊ ကုလာဘာ၊ မင်းတက်တောင်၊ လိပ်ခမော်နဲ့ မလကျွန်း အနီးတဝိုက်ထိ စစ်တပ်နဲ့ AA တို့ နေ့စဉ်ရက်ဆက် တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေ ဆီက ပြောပါတယ်။

ဒါ့အပြင် ကျောက်ဖြူမြို့နယ်ရှိ ဇင်ချောင်း၊ ငလပွေ့ချောင်းဝ စတဲ့ ရေပြင်ကနေ ရေတပ်က အရပ်သားပြည်သူတွေ နေထိုင်တဲ့ ကျေးရွာတွေကို နေ့စဉ်ရက်ဆက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ‌ကြောင့် ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်လာရတယ်လို့ ဆိုပါတယ်။ 

တိုက်ပွဲ ပြင်းထန်တာနဲ့အတူ စစ်တပ့်ရဲ့ လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးရန်တွေကြောင့် ကျောက်ဖြူမြို့နယ်မှာ တနေ့တခြား စစ်ဘေးရှောင်ဦးရေဟာလည်း နေ့တိုင်း တိုးလာနေပြီး လက်ရှိမှာ စစ်ဘေးရှောင်ဦးရေ  ၅၀,၀၀၀ ကျော် အထိရှိလာနေပါပြီလို့ စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက် ပေးနေသူတယောက်က ပြောပါတယ်။

“စကစ က လေကြောင်းနဲ့ ရေကြောင်းကို အသုံးပြုပြီး ကျေးရွာလူထုနေတဲ့ နေရာတွေ စစ်ရှောင်တွေ ခိုလှုံနေတဲ့ နေရာတွေကိုပါ ဗုံးကြဲတာတွေ Navy ကနေပြီးတော့ လက်နက်ကြီးတွေနဲ့ ပစ်တာတွေရှိတော့ ကျေးရွာသူ ကျေးရွာသားတွေကတော့ တော်တော်များများ ထွက်လာကြတယ်။ စစ်ဘေးရှောင်လာကြတယ်။ အရင်ဦးဆုံး ကျနော်တို့ သိသလောက်ဆိုရင်  ၅၀,၀၀၀  ကျော်တယ်။ အခုဆိုရင် ဒီထက်များနိုင်တယ်။ အခုဆိုရင် မိုးတွင်းကာလဆိုတော့ စားဝတ်နေရေးအခက်အခဲ ဆေးဝါးအခက်အခဲတွေ ရှိပါတယ်။” 

ဒေသခံတွေ နေထိုင်တဲ့ ကျေးရွာတွေကို ကျောက်ဖြူအခြေစိုက် တပ်ရင်း၊ တပ်စခန်းတွေက လက်နက်ကြီးပစ်ခတ်မှုတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေလည်း ဆက်တိုက်ပြုလုပ်လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

အဲဒီလို တိုက်ခိုက်မှုတွေကြောင့်  မင်းပြင်၊ ရေနံတောင်၊ င/အုပ်၊ ကျောက်ကလေး စတဲ့  ကျေးရွာတွေက ဒေသခံတွေဟာ အရေးပေါ် ပြောင်းရွှေ့နေရတယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ထွက်ပြေး တိမ်းရှောင် လာတဲ့  အသက် ၆၀ ကျော်အရွယ် အမျိုးသမီး တယောက်က ပြောပါတယ်။

“ညဆိုရင်လည်း ကောင်းကောင်းမအိပ်ခဲ့ရဘူး။ ထမင်းချက်စားရမှာတောင် ညဆိုရင် မီးမထွန်းဘဲ ချက်စားခဲ့ရတယ်။ ဒရုန်းတွေလည်း တစ်ရက်လုံး ဝဲနေတာပဲ။ Navy တွေကလည်း လက်နက်ကြီးတွေနဲ့ ပစ်တယ်။”

တဘက်မှာလည်း ဒေသခံ အများစုမှာ ထွက်ပြေးတိမ်းရှောင်ဖို့ ငွေကြေး အခက်အခဲတွေအများကြီးရှိ နေတာကြောင့် ထွက်မပြေးနိုင်ဘဲ ကျန်ရှိနေသေးတဲ့သူတွေလည်း ရှိနေတယ်လို့ ထွက်ပြေးတိမ်းရှောင်လာသူတွေဆီက သိရပါတယ်။

အခုလို ထွက်ပြေးတိမ်းရှောင်လာကြတဲ့ စစ်ဘေးရှောင်တွေမှာ စားဝတ်နေထိုင်ရေး အခက်အခဲရှိနေကြပြီး သက်ဆိုင်ရာအဖွဲ့အစည်းတွေက နေရာချပေးဖို့ကို လိုလားနေတယ်လို့ ဆိုပါတယ်။

ကျောက်ဖြူမြို့နယ်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ နယ်မြေ တခုခုကို ထွက်ပြေး တိမ်းရှောင်ဖို့ ကားခ၊ စက်လှေစရိတ် အနည်းဆုံး ငွေးကြေး လူတယောက်ကို ကျပ် တသိန်းခွဲလောက် ကုန်ကျတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

ညီထွေး

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013