Home
မြန်မာသတင်း
မသန့်ရှင်းသည့် သောက်သုံးရေကြောင့် ပြည်ထောင်က နိုင်ကျဉ်းများ ရောဂါများ ခံစားနေရ
DVB
·
September 3, 2025

ပဲခူးတိုင်း၊ ပြည်အကျဉ်းထောင်မှာ အနံ့ဆိုးထွက်နေပြီး မသန့်ရှင်းတဲ့ သောက်ရေတွေကို သောက်သုံးနေရတဲ့အတွက် နိုင်ငံရေးအကျဉ်းသားတွေ ရောဂါတွေဖြစ်ပွားနေရတယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP) က ထုတ်ပြန်ပါတယ်။

WOPP ရဲ့ စက်တင်ဘာ ၃ ရက် ဒီကနေ့ထုတ်ပြန်ချက်အရ အကျဉ်းသားအားလုံးဟာ ရေသောက်သုံးဖို့ ရေဘူးထဲ သိုလှောင်ထားကြတဲ့အခါ ၂ ရက်အကြာဆိုရင် အပုပ်နံ့လိုမျိုး အနံ့ဆိုးတွေ ထွက်လာတယ်လို့ သိရပါတယ်။

ပြည်အကျဉ်းထောင်အတွင်းက ရေသန့်စက်ဟာ ရေသိုလှောင်ထားတဲ့ နေရာနဲ့ စက်ပစ္စည်းတွေကို သန့်ရှင်းတာ၊ ရေလဲလှယ်တာတွေ မပြုလုပ်တာ ကြာမြင့်ပြီလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီလို အနံ့ဆိုးတွေထွက်ပြီး မသန့်ရှင်းတဲ့ သောက်ရေကြောင့် ၂၀၂၀ ခုနှစ် နောက်ပိုင်းက စပြီးတော့ ကျောက်ကပ်နဲ့ ပတ်သက်တဲ့ ရောဂါတွေ၊ ဝမ်းဗိုက်ပြဿနာတွေနဲ့ ဝမ်းပျက်ရောဂါတွေ အခုအချိန်ထိ ဖြစ်ပွားနေတဲ့အတွက် ရေသန့်စက်ကို ပြန်လည် ပြုပြင်ပေးဖို့ တောင်းဆိုခဲ့ကြပေမဲ့ ထောင်အရာရှိတွေဟာ ဆောင်ရွက်ခြင်း မရှိခဲ့ကြဘူးလို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။

ဒီလို အခြေအနေတွေကြောင့် အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေ သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်တွေလည်း ရှိတယ်လို့ WOPP က ဆိုပါတယ်။

ဒီပြည်အကျဉ်းထောင်မှာ သောက်သုံးရေအပြင် သုံးရေကလည်း မသန့်ရှင်းတဲ့အတွက် ဆံပင်အများအပြားကျွတ်တာနဲ့ အရေပြားရောဂါတွေလည်း ခံစားနေကြရတယ်လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒီလို ရေကြောင့် ဖြစ်ရတဲ့ ရောဂါ‌အခြေအနေတွေ ခံစားနေကြရပေမဲ့လည်း အကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသားတွေကို ဆေးဝါးကုသခွင့် ကန့်သတ်မှုတွေလည်း ရှိနေသလို ရက်လွန်၊ နှစ်လွန် ဆေးဝါးတွေပေးပြီး ကုသမှုတွေကို တာဝန်ယူမှု မရှိဘဲ ပြုလုပ်နေကြတယ်လို့လည်း ဖော်ပြပါရှိပါတယ်။

ဒီလိုမျိုး လူတယောက် အသက်ရှင်ဖို့အတွက် အဓိက အရေးပါတဲ့ သန့်ရှင်းတဲ့ရေ သောက်သုံးခွင့် မရရှိတဲ့ ပြည်အကျဉ်းထောင်အတွင်းက ထောင်အာဏာပိုင်တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို WOPP အနေနဲ့ မှတ်တမ်းတင်ထားမှာ ဖြစ်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ အကျဉ်းထောင်အတွင်းက အခြေအနေတွေကို စောင့်ကြည့်ပေးကြဖို့ကိုလည်း တိုက်တွန်းထားပါသေးတယ်။

ပြည်အကျဉ်းထောင်အတွင်းက အခုလို အခြေအနေတွေအပေါ် ရတဲ့နည်းလမ်းတွေနဲ့ ကူညီဆောင်ရွက်သွားမယ်လို့လည်း WOPP က ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013