
မြန်မာနှစ်ဆန်း ၁ ရက်မှာ နိုင်ငံတဝန်း အကျဉ်းသား ၄,၉၀၀ နီးပါးကို စစ်ကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးရာမှာ ပြည်အကျဉ်းထောင်နဲ့ ပေါင်းတည်အကျဉ်းထောင်တွေကနေ လွတ်ခါနီး နိုင်ငံရေးအကျဉ်းသား ၁၁ ယောက် ပါဝင်တယ်လို့ နိုင်ငံရေးအကျဉ်းသား မိသားစုကနေ သိရပါတယ်။
ပြည်ထောင်က ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသား ၅ ယောက်က ကိုစံထွန်းအောင်၊ ဦးရဲထွဠ်၊ ဦးသန်းအေး၊ ကိုလပြည့်၊ ဦးထွန်းထွန်းဝင်း တို့ဖြစ်ပြီး အမျိုးသမီး နိုင်ငံရေးအကျဉ်းသူ ၄ ယောက်ကတော့ ဒေါ်ဇွန်ပွင့်၊ ဒေါ်ခင်စောမြင့်၊ ဒေါ်ခင်စန်းတင့် (ခ) သဲသဲနဲ့ မချစ်နန်းဝတ်မှုန် တို့ ဖြစ်ကြပါတယ်။
ပေါင်းတည်ထောင်က ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသား ၂ ယောက်ကတော့ ကိုသဇင်မောင် (ခ) ညီငယ်နဲ့ ကိုရဲထွန်းမင်းတို့ပဲ ဖြစ်ပါတယ်။
ပြည်ထောင်ရှေ့မှာ သွားကြိုနေတဲ့ နိုင်ငံရေးအကျဉ်းသား မိဘတယောက်က “ပြည်ထောင်မှာ အကျဉ်းသား စုစုပေါင်း အယောက် ၇၀ လွတ်တဲ့အထဲမှာ နိုင်ငံရေးအကျဥ်းသား ၉ ယောက်နဲ့ ပေါင်းတည်ထောင်က အကျဉ်းသား စုစုပေါင်း ၃၁ ယောက်မှာ နိုင်ကျဉ်း ၂ ယောက်ပဲ ပါတယ်။ အကုန်လုံးကတော့ လွတ်ခါနီးနေတဲ့သူတွေချည်းပဲ၊ လွတ်တဲ့ ရိုးရိုးအကျဉ်းသားတွေက ခိုးမှု၊ လုယက်မှုတွေပဲ များတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီက မြန်မာ့နှစ်သစ်ကူး အထိမ်းအမှတ်အနေနဲ့ ထောင်အသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား/အကျဉ်းသူ ၄,၈၉၃ ယောက်ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ ထောင်ထဲမှာ ဆက်လက်နေထိုင်ရမယ့် ကာလအပေါ်မှာ ၆ ပုံ ၁ ပုံကို လျှော့ရက်အဖြစ် သတ်မှတ်ပြီး လွှတ်ပေးခဲ့တာပါ။
နောက်တကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက အဲဒီပြစ်ဒဏ်အပြင် အခုကျခံရဖို့ကျန်တဲ့ ပြစ်ဒဏ်တွေကိုပါ ဆက်လက်ကျခံပါမယ်ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်နဲ့ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) ကိုလက်မှတ်ထိုးပြီး လွှတ်ပေးလိုက်တာလို့ သိရပါတယ်။