Home
မြန်မာသတင်း
ပြည်ထောင်တွင် နိုင်ကျဉ်းများကို ထောင်တာဝန်ခံနှင့် တခြားအကျဉ်းသားများက ရိုက်နှက်
DVB
·
February 23, 2025

ပဲခူးတိုင်း၊ ပြည်အကျဉ်းထောင်မှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အာဏာပိုင်နဲ့ တခြား အကျဉ်းသားတွေက ဖေဖော်ဝါရီ ၂၃ ရက် ဒီနေ့မနက်က သေနတ်ပစ်ဖောက် ခြိမ်းခြောက်ပြီး ရိုက်နှက်ခဲ့တယ်လို့ မြို့ခံတွေနဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) ဆီက သိရပါတယ်။

ပြည်မြို့က အမည်မဖော်လိုတဲ့ မြို့ခံတယောက်က “အခုမနက်ပိုင်း ပြည်အကျဉ်းထောင်ထဲကနေ သေနတ်သံ ၂ ချက် ကြားလိုက်ရတယ်။ ထောင်တွင်း ဆူပူမှုဖြစ်တယ်လို့တော့ သိရတယ်။ အထဲမှာ ဘာတွေ ဖြစ်ကုန်လဲတော့ ထပ်မသိရသေးဘူး။ ထောင်ဝန်ထမ်းတွေက ဒီနေ့အတွက် အကျဉ်းသား ဧည့်တွေ့ပိတ်လိုက်တယ်တဲ့” လို့ ပြောပါတယ်။

ပစ်ခတ်ရိုက်ခတ်မှုကြောင့် နိုင်ငံရေးမှုနဲ့ အကျဉ်းကျခံနေရတဲ့ အကျဉ်းသားတချို့ ထိခိုက်ကြတယ်လို့လည်း ပြည်မြို့နယ်အခြေစိုက်တော်လှန်ရေး တပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

ပြည်မြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တခုရဲ့ တပ်ခွဲမှူးတယောက်က “နိုင်ကျဉ်းတွေကို စစ်မှုထမ်းခေါ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး စာရင်းကောက်ရာကနေ ဆူပူမှုဖြစ်ပွားခဲ့တာလို့ သိရတယ်ဗျ။ နိုင်ကျဉ်း ၃ ယောက် ဒဏ်ရာရကြတယ်။ အသေးစိတ်တော့ မသိသေးဘူး” လို့ DVB ကို ပြောပါတယ်။

ပစ်ခတ်မှု​ဖြစ်ပွားခဲ့တဲ့ အသေးစိတ်အခြေအနေကို သိရှိနိုင်ဖို့ ပြည်အကျဉ်းထောင် တာဝန်ခံအရာရှိ ဦးမြတ်သိန်း ဆီကို DVB က ဖုန်းနဲ့အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

PPNM ကတော့ ဒီနေ့မနက် ၇ နာရီခွဲမှာ ပြည်အကျဉ်းထောင်က စားရိပ်သာတာဝန်ခံ (ဖိုခေါင်း)ဖြစ်တဲ့ အကျဉ်းသား လင်းထိန်က နိုင်ကျဉ်းတယောက်ကို အကြောင်းပြချက်မရှိဘဲ လက်သီးနဲ့ ထိုးခဲ့တဲ့အတွက် နိုင်ကျဉ်းအယောက် ၁၀၀ က ကျူးလွန်သူကို အရေးယူပေးဖို့ ပြောချိန်မှာ ရိုက်နှက်ခံရတယ်လို့ သိရပါတယ်။

PPNM တာဝန်ခံ ကိုသိုက်ထွန်းဦးက “လင်းထိန်က လူသတ်၊ မုဒိမ်းမှုနဲ့ ထောင်ကျနေတဲ့သူ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

မိန်းဂျေးမှာရှိတဲ့ နှစ်ပွင့်အရာရှိ ထောင်မှူး ဦးကျော်အောင်ဆီမှာ ကျူးလွန်သူ လင်းထိန်ကို အရေးယူဖို့ ပြောချိန် ဗဟိုကင်းကနေ သေနတ် ၂ ချက်ဖောက်ပြီး တပွင့်အရာရှိ တေဇာဝင်းက ရိုက်နှက်ဖို့ခိုင်းစေခဲ့တဲ့အတွက် ထောင်ဝန်ထမ်း ၂ ယောက်နဲ့ တခြားအကျဉ်းသားတွေဖြစ်တဲ့ စူပါဖိုး၊ အခန်းစာရေး ငတိတို့အဖွဲ့က နိုင်ကျဉ်းတွေကို ဝါးဆစ်တုတ်၊ သစ်သားတုတ်၊ ဓားတွေနဲ့ ရိုက်နှက်ခြိမ်းခြောက်ခဲ့တယ်လို့ ဆိုပါတယ်။

ကိုသိုက်ထွန်းဦးက “အရိုက်ခံရတဲ့ထဲမှာမှ ထိခိုက်တဲ့သူ စာရင်းကိုထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ အရေးယူ ဆောင်ရွက်မှုတွေကိုတော့ ခုလက်ရှိအချိန်ထိ လုပ်ဆောင်နေတာ မတွေ့ရဘူးဗျ” လို့ ဆက်ပြောပါတယ်။

ထောင်ဝန်ထမ်းနဲ့ တခြားအကျဉ်းသားတွေရဲ့ ဝိုင်းရိုက်နှက်မှုကြောင့် နိုင်ကျဉ်း ၅ ယောက် ဦးခေါင်းပေါက်ပြဲဒဏ်ရာ၊ ဖူးရောင်ဒဏ်ရာ၊ ခြေထောက်ပေါက်ပြဲ ပွန်းပဲ့ ဒဏ်ရာတွေရရှိခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံက အကျဉ်းထောင်အသီးသီးမှာ တခြားပြစ်မှုတွေနဲ့ ထောင်ကျနေသူတွေက နိုင်ကျဉ်းတွေအပေါ်မှာ နှိပ်စက်ဖိနှိပ်တာတွေရှိသလို ထောင်တာဝန်ရှိသူတွေကလည်း အပြစ်ပေးမှုတွေ၊ ဆေးဝါးအလုံအလောက်မရရှိတာတွေ၊ ထောင်ဝင်စာဧည့်တွေ့ခွင့် ပိတ်ပင်တာတွေ၊ ငွေညှစ်ခြိမ်းခြောက်တာတွေကို ကြုံတွေ့နေရတယ်လို့ နိုင်ငံ​ရေး အကျဉ်းသား မိသားစုတွေဆီက သိရပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးချိန်ကစလို့ စစ်ကောင်စီတပ်ရဲ့ မတရားဖမ်းဆီး အကျဉ်းကျလို့ နိုင်ကျဉ်း ၂၁,၀၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံနေရပြီး လူ့အခွင့်အရေးချိုးဖောက်တာတွေကိုလည်း ရင်ဆိုင်နေရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013