ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်ရှိ အမျိုးသားဆောင် အဆောင် ၄ မှာ လက်နက်ပုဒ်မတွေနဲ့ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတယောက် ဇန်နဝါရီ ၅ ရက်က ထောင်တွင်းမှာ သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ပါတယ်။
နိုင်ငံရေးအကျဉ်းသား ကိုသူရအောင် ခေါ် ကိုကုလားကြီးဟာ ထောင်ဒဏ် ၃ နှစ် ကျခံထားရကာ နှလုံးဖောက်ပြီး သေဆုံးခဲ့တယ်လို့ ထောင်အာဏာပိုင်တွေက ပြောကြောင်း သူတို့နဲ့နီးစပ်သူဆီက သိရပါတယ်။
ဒါပေမဲ့ သူဖမ်းဆီးခံရချိန်အထိ ကျန်းမာသန်စွမ်းသူတယောက်ဖြစ်ပြီး နှလုံးနဲ့ပတ်သက်တဲ့ ရောဂါလည်း မရှိဘူးလို့ PPMM က ဒီကနေ့ ဇန်နဝါရီ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။
ဒါကြောင့် ထောင်အာဏာပိုင်တွေရဲ့ ပြောဆိုချက်ကို ပြန်စစ်ဆေးဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ကောက်ယူထားတဲ့ စာရင်းတွေအရ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးနဲ့ဆက်စပ်ပြီး ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၈,၂၁၇ ယောက်ရှိပြီး အဲဒီထဲက ၉,၉၇၆ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။