Home
နိုင်ငံတကာ
ချီကာဂိုတွင် စစ်တပ်နေရာချပြီး အာကာသဌာနချုပ် နေရာရွှေ့မည်ဟု ထရမ့်ပ် အတည်ပြု
DVB
·
September 3, 2025
Photo: REUTERS/Brian Snyde

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အတိုက်အခံ ဒီမိုကရက် အုပ်ချုပ်တဲ့ မြို့တွေမှာ ရာဇဝတ်မှု ထူပြောနေပြီး အာကာသတပ်ဖွဲ့ ကွပ်ကဲရေးဌာနချုပ်ကိုပါ နေရာရွှေ့မယ်လို့ စက်တင်ဘာ ၂ ရက်က ပြောကြားပါတယ်။ 

ဒါဟာ လူဦးရေအားဖြင့် တတိယအကြီးဆုံး ချီကာဂိုမြို့မှာ အမျိုးသားအစောင့်တပ်တွေ စေလွှတ်နေရာချဖို့အတွက် နောက်တကြိမ် အတည်ပြုခဲ့တာပါ။ 

အဲဒီနောက် အီလီနွိုက်ပြည်နယ်က ချီကာဂိုမြို့ကို “ကျနော်တို့ ဝင်ပါမယ်။ ဘယ်တော့လဲဆိုတာ မပြောနိုင်သေးပါဘူး။ ဒါပေမဲ့လည်း ဆက်လုပ်သွားမှာပါ” လို့ ထရမ့်ပ်က မှတ်ချက်ပြုပါတယ်။ 

ပြီးခဲ့တဲ့ ဇွန်လအတွင်း လော့စ်အိန်ဂျလိစ်မြို့မှာ စစ်သားဦးရေ ၅,၀၀၀ လောက် စေလွှတ်ခဲ့မှုကို တရားမဝင်ဘူးဆိုပြီး ဖက်ဒရယ်တရားသူကြီးက ဆုံးဖြတ်ထားပါတယ်။ အခုလိုမျိုး ထရမ့်ပ် အစိုးရရဲ့ စစ်တပ်အသုံးချမှုဟာ ဥပဒေကန့်သတ်ချက်အပေါ် ကျော်လွန်ခဲ့တဲ့အလျောက် တရားရေးဌာနအနေနဲ့ အယူခံဝင်မယ်လို့ မျှော်မှန်းထားပါတယ်။ 

ဒါ့အပြင် ၁၉၈၅ ခုနှစ်မှာ  စတင်တည်ထောင်ခဲ့တဲ့ အမေရိကန်အာကာသ ကွပ်ကဲရေးဌာနချုပ်ကိုပါ ကော်လိုရာဒိုကနေ အလာဘားမား-ပြည်နယ်ဆီ ပြောင်းရွှေ့မယ့်အကြောင်း ကြေညာခဲ့ပါတယ်။ 

ဒါဟာ လက်ဝဲဘက်ယိမ်းတဲ့ ကော်လိုရာဒိုပြည်နယ်ထက်စာရင် ရီပတ်ဘလီကန်တွေရဲ့  လယ်ယာယိမ်း အမာခံနယ်မြေဖြစ်တဲ့ အလာဘားမားကို ရွှေ့ပြောင်းလိုတာ ဖြစ်ကြောင်း လေ့လာသူတွေ​က ထောက်ပြပါတယ်။ 

ဒါပေမဲ့ ထရမ့်ပ် ကတော့ ဒါကို အမေရိကန်ရဲ့  ဗျူဟာမြောက် အကျိုးစီးပွားအတွက် ဖြစ်တယ်ဆိုပြီး တုံ့ပြန်ခဲ့ပါတယ်။ 

အဲဒီပြောင်းရွှေ့ချက်အရ အလာဘားမားပြည်နယ်မှာ အလုပ်အကိုင် ၃၀,၀၀၀ အထိ ဖန်တီးပေးနိုင်မယ့်အပြင် ဒေါ်လာဘီလီယံနဲ့ချီတဲ့ ရင်းနှီးမြှုပ်နှံမှုတွေပါ ဝင်ရောက်လာနိုင်တယ်လို့  ဖြည့်စွက်ပြောပါတယ်။ 

စက်တင်ဘာ ၂ ရက်နေ့ သတင်းစာရှင်းလင်းပွဲဟာ ရက်အတန်ကြာပျောက်နေတဲ့ ထရမ့်ပ်အတွက် ပထမဆုံးအကြိမ် လူလုံးပြန်ထွက်မှု ဖြစ်လာခဲ့ပါတယ်။ 

ကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီး အသက် ၇၉ နှစ်အရွယ် အမေရိကန်သမ္မတ ထရမ့်ပ်က “သီတင်းပတ်ကုန်ပိုင်းမှာ အတော်လေးကို တက်တက်ကြွကြွရှိခဲ့ပါတယ်” လို့ ဖြေဆိုပါတယ်။ 

ဒါ့အပြင် ဆိုရှယ်မီဒီယာပေါ်က ကျန်းမာရေးမကောင်းဘူးဆိုတဲ့ ကောလာဟလတွေကိုလည်း “အတုအယောင်သာ” ဖြစ်တယ်လို့ ဆိုပြန်ပါတယ်။ 

ထရမ့်ပ် ဒုတိယသက်တမ်း ကုန်ဆုံးချိန်မှာတော့ အသက် ၈၂ နှစ်နဲ့ အမေရိကန် သမိုင်းတလျှောက် အသက်အကြီးဆုံးသမ္မတ ဖြစ်လာနိုင်ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013