Home
မြန်မာသတင်း
ထိုင်းနိုင်ငံ၌ မြန်မာဒုက္ခသည်များ အလုပ်လုပ်ခွင့်ရသည့်အပေါ်  IRC ကြိုဆို
DVB
·
September 2, 2025

မြန်မာဒုက္ခသည်တွေကို နိုင်ငံတွင်း တရားဝင်အလုပ်လုပ်ခွင့်ပြုမယ့် ထိုင်းအစိုးရရဲ့ ဆုံးဖြတ်ချက်အသစ်ကို အပြည်ပြည်ဆိုင်ရာ အကူအညီပေးရေးအဖွဲ့ (IRC) က ကြိုဆိုကြောင်း ဩဂုတ် ၂၉ ရက်မှာ ထုတ်ပြန်ပါတယ်။

ထိုင်းနိုင်ငံ IRC အဖွဲ့ရဲ့ ဒါရိုက်တာ ဒါရန် ဟာ့ထ်ဇ်က “မြန်မာနိုင်ငံ ပဋိပက္ခတွေကနေ ထွက်ပြေးလာတဲ့ အသိုက်အဝန်းတွေကို နှစ်ပေါင်း ၄၀ လောက် ခိုလှုံခွင့်ပေးပြီးတဲ့နောက် ထိုင်းအစိုးရဟာ မြန်မာဒုက္ခသည်စခန်းတွေမှာ နေထိုင်သူတွေကို နိုင်ငံတွင်း တရားဝင် အလုပ်လုပ်ကိုင်ခွင့်ပေးဖို့ သမိုင်းဝင် ဆုံးဖြတ်ချက်တခု ချခဲ့ပါတယ်။ ဒါဟာ ဒီလူထု အတွက် မိမိကိုယ်ကို အားကိုးတကြီးနဲ့ ဂုဏ်သိက္ခာရှိရှိ အနာဂတ်ကို ပေးစွမ်းရုံသာမက ထိုင်း၊ ထိုင်းပြည်သူတွေနဲ့ ထိုင်းစီးပွားရေးကိုပါ အကျိုးပြုနိုင်တဲ့ အခွင့်အလမ်းလည်း ဖြစ်ပါတယ်”လို့ ပြောပါတယ်။

IRC အဖွဲ့အနေနဲ့ လွန်ခဲ့တဲ့ ၁၉၇၅ ခုနှစ်က စတင်ကာ ထိုင်းအစိုးရနဲ့ လက်တွဲပြီးတော့ ကမ္ဘောဒီးယား၊ လာအိုနဲ့ မြန်မာနိုင်ငံတွေက ပဋိပက္ခတွေကနေ ထွက်ပြေးလာကြတဲ့ ဒုက္ခ သည်တွေ ပြန်လည်နေရာချထားရေးနဲ့ အထောက်အပံ့တွေ ပံ့ပိုးပေးနိုင်ဖို့အတွက် ဆောင် ရွက်ခဲ့တာဖြစ်ပါတယ်။

အဲဒီအချိန်ကတည်းက မြန်မာနိုင်ငံနဲ့ နယ်စပ်တလျှောက် ဒုက္ခသည် စ ခန်း ၉ ခုမှာ နေထိုင်ကြတဲ့ ဒုက္ခသည်တွေအတွက် အစားအသောက်နဲ့ ရေ၊ ကျန်းမာရေး စောင့်ရှောက်မှုစတဲ့ မရှိမဖြစ် လိုအပ်တဲ့ အရေးပေါ် ထောက်ပံ့ကူညီမှုတွေ ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

ခုလတ်တလော မြန်မာဒုက္ခသည်တွေကို နိုင်ငံတွင်း တရားဝင်အလုပ်လုပ်ခွင့်ပြုမယ့် ထိုင်းအစိုးရရဲ့ ဒီဆုံးဖြတ်ချက်ကို IRC အဖွဲ့က ချီးကျူးဂုဏ်ပြုပြီး အကူးအပြောင်းကာလတလျှောက် အစိုးရ၊ ဒုက္ခသည်တွေနဲ့ သူတို့ရဲ့ ခေါင်းဆောင်တွေကို ပံ့ပိုးကူညီဖို့ အသင့်ရှိနေကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ထိုင်း-မြန်မာ နယ်စပ်ဒုက္ခသည်စခန်း ၉ ခုမှာတော့ ဒုက္ခသည်ဦးရေ  ၇၀,၀၀၀  ကျော်  လောက် ဆယ်စုနှစ်တွေနဲ့ချီပြီး ခိုလှုံ​နေထိုင်​နေကြတယ်လို့ ထိုင်းအစိုးရက ပြောထားပါတယ်။

အ​မေရိကန်အစိုးရက ဒုက္ခသည်​တွေအတွက် ကျန်းမာ​ရေး အကူအညီ​တွေအပါအဝင် လူသားချင်းစာနာ​ထောက်ထားမှုဆိုင်ရာ ​အကူအညီ​ပေးမှု​တွေကို အခု ၂၀၂၅ နှစ်ဆန်း ပိုင်းက စတင်ကာ ရပ်ဆိုင်းလိုက်တာ​ကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်​နေကြရတာ ဖြစ်ပါတယ်။

Source:  IRC

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013