
ထိုင်း-မြန်မာ နယ်စပ်တလျှောက် ဒုက္ခသည်စခန်းတွေမှာ နေထိုင်ကြတဲ့ မြန်မာစစ်ဘေး ဒုက္ခသည်တွေကို ထိုင်းအစိုးရက တရားဝင် အလုပ်လုပ်ခွင့်ပေးတဲ့အတွက် စားဝတ်နေရေး အဆင်ပြေလာနိုင်တယ်လို့ စခန်းတာဝန်ရှိသူတွေနဲ့ ဒုက္ခသည်တွေက ပြောပါတယ်။
ထိုင်း-မြန်မာနယ်စပ်တလျှောက်မှာရှိတဲ့ ဒုက္ခသည်စခန်း ၉ ခုကနေ အလုပ်လုပ်နိုင်တဲ့ လူဦးရေ ၄၀,၀၀၀ ကျော်ကို ထိုင်းနိုင်ငံထဲမှာ တရားဝင် အလုပ်လုပ်ကိုင်ခွင့်ပြုဖို့ ထိုင်းအစိုးရအဖွဲ့က ဩဂုတ် ၂၆ ရက်မှာ သဘောတူညီလိုက်တာဖြစ်ပါတယ်။
နယ်စပ်ဒုက္ခသည်စခန်းက လူတွေ ပြင်ပထွက်ပြီး အလုပ်လုပ်ခွင့် ကန့်သတ်ထားတဲ့ ဥပဒေကိုလည်း ရုပ်သိမ်းလိုက်ပြီး ပြည်သူတွေရဲ့ လူမှုစီးပွားနဲ့ ကျန်းမာရေး အပါအဝင် နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်ဖို့၊ နယ်စပ်တည်ငြိမ်ရေးတို့အတွက်ပါ သုံးသပ်ပြီး ထိုင်းအစိုးရအဖွဲ့ သဘောတူလိုက်တာ လည်း ဖြစ်ပါတယ်။
အခုလို ထိုင်းနိုင်ငံဘက်မှာ ဒုက္ခသည်စခန်းကလူတွေ တရားဝင် အလုပ်လုပ်ခွင့်ရမယ့်အပေါ် လက်ခံကြိုဆိုတယ်လို့ ထိုင်း-မြန်မာ နယ်စပ်ရှိ အုန်းဖြန်စခန်းရဲ့ ဒုဥက္ကဋ္ဌ စောနီဒိုက ပြောပါတယ်။
“တကယ်လို့ ကျနော်တို့ စခန်းသူ၊ စခန်းသားတွေက အပြင်ထွက်ပြီး အလုပ်လုပ်ခွင့်ရှိတယ် ဆိုရင်တော့ အခုလက်ရှိမှာ ကြုံတွေ့နေရတဲ့ စားဝတ်နေရေး အခက်အခဲတွေသာမက ပံ့ပိုးမှုကလည်း လျော့ကျတယ်။ ဥပမာ- လွတ်လွတ်လပ်လပ် အလုပ်ထွက်လုပ်ခွင့်ရတယ်ဆိုရင် အဆင်ပြေတာပေါ့။ ကျနော့်အမြင်မှာတော့ တချို့လူတွေအတွက်ကလည်း သူတို့ ဒုက္ခသည်ဘဝကနေ လွတ်မြောက်အောင် ကြိုးစားသွားမယ်လို့ ကျနော်တို့ မျှော်လင့်တယ်။ ဘာလို့လဲဆိုတော့ စခန်းသူ စခန်းသား လူငယ်ပိုင်းတွေက အလုပ်ထွက်လုပ်ခွင့်ရတယ်။ တရားဝင် ကောင်းကောင်းမွန်မွန် သွားလာ လုပ်စားနိုင်တယ်ဆိုရင် အဆင်ပြေလာတဲ့ တနေ့ကျရင် သူတို့လည်း စခန်းထဲမှာ နေမှာတော့ မဟုတ်ဘူးလေ။ ဒါကြောင့် ကျနော်တို့ ဒီအခွင့်အရေးကို ယုံတယ်။ အဲဒါကို ကြိုလည်း ကြိုဆိုတယ်။”
အခုလို အလုပ်လုပ်ခွင့်ပြုလိုက်ခြင်းအားဖြင့် ထိုင်းအစိုးရရဲ့ ဝန်ထုပ်ဝန်ပိုးကိုလည်း လျော့ကျစေသလို စက်ရုံ အလုပ်ရုံနဲ့ တခြားလုပ်ငန်းခွင်က အလုပ်သမားရှားပါးမှု ပြဿနာလည်း ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ကြောင်း ထိုင်းယာယီဝန်ကြီးချုပ်က ပြောပါတယ်။
ဒုက္ခသည်စခန်းက လူတွေကို ရွှေ့ပြောင်းလုပ်သားတွေကို အထောက်အထား လုပ်ပေးသလိုပဲ ကျန်းမာရေးစစ်ဆေးပြီး အာမခံလုပ်ပေးတာ၊ အထောက်အထား ထုတ်ပေးတာနဲ့ လုပ်သားလိုအပ်ချက်ရှိတဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်ရုံအလုပ်ရုံ၊ ရေလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်း စတဲ့အလုပ်တွေမှာ လုပ်ခွင့်ပေးသွားမယ်လို့ ဆိုပါတယ်။
လက်ရှိမှာလည်း နယ်စပ် ဒုက္ခသည်စခန်းတွေမှာ စားနပ်ရိက္ခာနဲ့ ဆေးဝါးလှူဒါန်းတာတွေ ဖြတ်တောက်ခံရတာ၊ အလှူရှင် နည်းပါးတာတွေကြောင့် စခန်းနေ ပြည်သူတွေ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပြီး အခုလို တရားဝင် အလုပ်လုပ်ခွင့်ပေးမယ်ဆိုရင် ဒုက္ခသည်တွေအတွက် ပိုအဆင်ပြေတယ်လို့ ပြောပါတယ်။
အုန်းဖြန် ဒုက္ခသည်စခန်းမှာ နေထိုင်သူတယောက်က “အခုကာလမှာ လူတွေက ဒီမှာ စားဖို့သောက်ဖို့နဲ့ ဆေးဝါးကိစ္စတွေလည်း တော်တော်လေး ဒုက္ခရောက်တယ်။ အခုကတော့ စားနပ်ရိက္ခာ အကူညီ မရတော့ လူတွေက စခန်းမှာ တော်တော်လေး ဒုက္ခရောက်ကြတယ်။ ကျနော့်အနေနဲ့ ပြောချင်တာက ထိုင်းအစိုးရကို အများကြီး ကျေးဇူးတင်တယ်လို့ ပြောချင်တာပေါ့။ ဘာကြောင့်လဲဆိုတော့ အခုလက်ရှိ အနေအထားအရ မြန်မာနိုင်ငံကိုလည်း ပြန်ခွင့်မရဘူး။ မြန်မာနိုင်ငံကို ပြန်မယ်ဆိုရင်လည်း ကျနော်တို့ကို သတ်မယ် ဖြတ်မယ် ဒါပဲရှိတယ်။ နောက် ထိုင်းအစိုးရကို ဒီလိုမျိုး ကူညီပေးတာကို ကျနော်တို့က တအားပျော်တယ်။ တချို့လူတွေက လုံးဝကို စားဖို့သောက်ဖို့ ခက်ခဲတာကို ကျနော် တွေ့မိတယ်။ ဒီကိစ္စက အခုလက်ရှိ ထိုင်းအစိုးရကပေးမယ့် အထောက်အထားက မြန်မြန်ဆန်ဆန်လေးပေးဖို့ ကျနော်တို့အနေနဲ့ တောင်းဆိုပါတယ်” လို့ ပြောပါတယ်။
လက်ရှိအချိန်ထိတော့ ဒုက္ခသည်စခန်းနေသူတွေကို ထိုင်းအစိုးရဘက်က တရားဝင် တိတိကျကျ အကြောင်းကြား ပြောဆိုတာမျိုး မရှိသေးပေမဲ့ သက်ဆိုင်ရာ စခန်းတာဝန်ရှိသူတွေကတော့ ထိုင်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ဆွေးနွေးနေတာတွေ ရှိတယ်လို့ သိရပါတယ်။
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ မယ်ဟောင်ဆောင်၊ ကန်ကျနပူရီနဲ့ ရာ့ချ်ပူရီ ခရိုင် ၄ ခုမှာ UN အသိအမှတ်ပြု ဒုက္ခသည်စခန်း ၉ ခုမှာ လူဦးရေ ၇၀,၀၀၀ ကျော်ရှိပြီး အဲဒီမှာ အလုပ်လုပ်ကိုင်နိုင်တဲ့ လူဦးရေ ၄၂,၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။
ဇွဲသစ်