Home
မြန်မာသတင်း
မီဇိုရမ်တွင်  မြန်မာဒုက္ခသည် ၃၀,၀၀၀ ခန့် ရှိလာ၊ စားဝတ်နေရေး အခက်ကြုံ 
DVB
·
August 28, 2025

အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း မီဇိုရမ်ပြည်နယ်ထဲမှာ မြန်မာနိုင်ငံဘက်ကနေ ထွက်ပြေးခိုလှုံလာကြတဲ့ ဒုက္ခသည်ဦးရေဟာ ၃၀,၀၀၀ နီးပါးအထိ ရှိလာပြီလို့ မီဇိုရမ် ပြည်ထဲရေးဝန်ကြီးရဲ့ လွှတ်တော်မှာ ပြောဆိုချက်ကို ကိုးကားပြီး The Statesman သတင်းစာမှာ ဩဂုတ် ၂၇ ရက် က ဖော်ပြပါတယ်။

တဖက်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲနဲ့ ပဋိပက္ခတွေကြောင့် သြဂုတ် ၁၁ ရက်အထိ မီဇိုရမ်ပြည်နယ်မှာ မြန်မာနိုင်ငံသား စုစုပေါင်း ၂၉,၀၄၆ ဦး ခိုလှုံနေကြပါတယ်လို့  မီဇိုရမ်ဝန်ကြီးက ပြောပါတယ်။

မီဇိုရမ်ပြည်နယ်အတွင်း မြန်မာနိုင်ငံသားတွေ ဝင်ရောက်လာမှုဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း ထိလွယ်ရှလွယ် ပြဿနာတခု ဖြစ်လာနေပြီး မီဇိုရမ်ပြည်နယ်နဲ့ လူမျိုးရေး၊ ယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံမှုတွေကြောင့် ထောင်နဲ့ချီတဲ့ ဒုက္ခသည်အများစုဟာ ချင်းအသိုက်အဝန်းကနေ မီဇိုရမ်ဘက်ကို ထွက်ပြေးခိုလှုံလာခဲ့ကြတာပါ။

မီဇိုရမ်ကို ရောက်ရှိနေတဲ့ မြန်မာစစ်ဘေးရှောင်တွေဟာ အလုပ်အကိုင် လုပ်ကိုင်ခွင့်တွေ ကန့်သတ်ခံရသလို ကူညီထောက်ပံ့မှုလည်း မရရှိကြတဲ့အတွက် စားဝတ်နေရေး အခက်အခဲတွေကြုံနေရတယ်လို့ စစ်ဘေးရှောင်တယောက်က ပြောပါတယ်။

“မိုးတွင်းကျတော့ လောက်တယ်လို့ပြောလို့ရမယ်။ နွေပိုင်းကျတော့ လုံးဝကိုမလောက်ဘူး၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်၊ ဧပြီ၊ မေ အဲ့ဒီ ၃ လ၊ ၄ လလောက်က အရမ်းကို ခက်ခဲတဲ့ အချိန်ဖြစ်တယ်။ အဲ့ဒီနောက်ပိုင်းကျတော့ ကုန်တင်ကုန်ချလို့ရတယ်။ ဒီဘက်ခြမ်းမှာ နေရတာက အရမ်းအကျပ်အတည်းဖြစ်တော့ တချို့တွေက မူးယစ်ဆေးဝါးလုပ်တာ တွေ့ရတာပေါ့နော်။ အဓိက လုပ်ရတာလေ၊ မဖြစ်မနေလုပ်ရတဲ့ အပိုင်းမှာတော့ရှိတယ်၊ အဲ့ဒီမူးယစ်ဆေးဝါးဆိုတဲ့ အထဲမှာလေ စားဝတ်နေရေးဆိုတာထက် ကျနော်မြင်တာက တော်လှန်ရေးအင်အားအတွက် ရန်ပုံငွေအတွက် လုပ်တာတွေ  ပိုပြီးတော့မှ များတာပေါ့နော်။”

မြန်မာစစ်ဘေးရှောင်တချို့ဟာ ကူးသန်းရောင်းဝယ်ရေး၊ ယက်ကန်းလုပ်ငန်း၊ ကုန်တင်ကုန်ချ၊ ကျပန်းအလုပ်၊ အရက်ချက်လုပ်ငန်းနဲ့  စားသောက်ရေးအတွက် အဆင်မပြေသူတွေဟာ မူးယစ်ဆေးဝါးသယ်ယူတာနဲ့ လက်နက်မှောင်ခိုမှုတွေလုပ်ဆောင်ကြတယ်လို့ အကူအညီပေးနေသူတွေက ပြောကြပါတယ်။

စစ်ဘေးရှောင်တွေဟာ ခရီးသွားလာခွင့်မရှိတဲ့အတွက် ခရီးသွားဖို့ လိုအပ်တဲ့အခါ အိန္ဒိယနိုင်ငံသားဖြစ်ကြောင်း စာရွက်စာတမ်းအတုတွေ လုပ်ဆောင်ကြရတဲ့အတွက် ဖမ်းဆီးခံရမှု အများဆုံးက စာရွက်စာတန်းအတုကိုင်ဆောင်မှုကြောင့်ဖြစ်တယ်လို့ အကူအညီပေးနေသူတွေက ပြောကြပါတယ်။

မီဇိုရမ်မှာနေထိုင်တဲ့ စစ်ဘေးရှောင်အရေး အကူအညီပေးသူတယောက်က “အကျဉ်းကျခံရသူ ဖမ်းဆီးခံရသူအများစုက Document အတု စာရွက်စာတမ်းအတုနဲ့ ခရီးသွားလာတဲ့လူတွေကို ဖမ်းဆီးတာများတယ်။ သူတို့ အိန္ဒိယနိုင်ငံမှာ လာဘ်စားမှုနဲ့ ကြီးမားတာကြောင့်လို့လည်း ပြောလို့ရတယ်၊ အစိုးရက တားမြစ်ထားတယ်မလုပ်ဖို့အတွက်။ အမျိုးမျိုးနဲ့ တင်းကျပ်ထားတယ်ဆိုပေမဲ့လည်း ဘယ်နည်းဘယ်ပုံနဲ့ သူတို့ လုပ်နိုင်တာလဲတော့ မသိဘူး၊ နောက်တခုက ကျတော့ မူးယစ်ဆေးဝါးမှုပေါ့နော်၊ မူးယစ်ဆေးဝါးမှုကတော့ ဟိုးအရင်အတည်းကရှိပြီးသားပဲ။ အခုကျမှပဲ ဒီအိန္ဒိယမှာ မြန်မာနိုင်ငံသားတွေ မူးယစ်ဆေးဝါး သယ်လာတယ်ဆိုပြီး တကျော့ပြန် နာမည်ကြီးလာတယ်လို့ ပြောရမှာပေါ့နော်”လို့ ပြောပါတယ်။

တရားဝင်ကိန်းဂဏန်းအချက်အလက်တွေအရ မြန်မာနိုင်ငံသားတွေဟာ မီဇိုရမ်ပြည်နယ် ဒေသ ၁၁ ခုလုံးမှာ ပြန့်ကျဲနေပြီး နယ်စပ်တလျှောက်မှာ ချန်ဖိုင်ဒေသတွင်း နေထိုင်သူဦးရေက အများဆုံးဖြစ်ကာ လူဦးရေ ၁၃,၅၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။ 

သူတို့ကို ကူညီဖို့ အရင်းအမြစ်တွေ အကန့်အသတ်ရှိပေမဲ့ ရပ်ရွာလူထုရဲ့ ပံ့ပိုးကူညီမှုနဲ့ ပြည်နယ်အစိုးရက စစ်ဘေးရှောင်မိသားစုတွေကို နေစရာ၊ စားနပ်ရိက္ခာနဲ့ အခြေခံအ သုံးအဆောင်တွေကို ပံ့ပိုးပေးနေတယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။

လက်ရှိမှာတော့ ပြည်နယ်အစိုးရအနေနဲ့ ဒုက္ခသည်တွေကို ဇီဝမှတ်တမ်းအချက်အလက် ကောက်ယူမှု တွေကို စတင်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

ခုလို စာရင်းကောက်ယူရာမှာတော့ ဘယ်လိုရည်ရွယ်ချက်နဲ့ ကောက်ယူကြောင်း ရှင်း လင်းဖော်ပြထားခြင်း မရှိတာကြောင့် မြန်မာစစ်ကောင်စီဘက် ပြောင်းလွှဲပေးအပ်ခဲ့ပါက ပြည်တွင်းနေ မိသားစုတွေ လုံခြုံရေးအတွက် စိုးရိမ်ပူပန်မှုတွေလည်း ရှိနေတာပါ။

ဒါပေမဲ့ တဖက်မှာလည်း အွန်လိုင်းမှတ်ပုံတင်ထားတဲ့ စနစ်ရှိပါက မီဇိုရမ်ပြည်နယ် အတွင်းသို့ မြန်မာနိုင်ငံဘက်ကနေ ဝင်ရောက်လာမယ့် မူးယစ်ဆေးဝါးနဲ့ မှောင်ခိုလုပ်ငန်းတွေ ထိန်းချုပ်နိုင်ရေးအတွက် အထောက်အကူဖြစ်နိုင်တာကြောင့် ထောက်ခံသူတွေလည်း ရှိ နေပါတယ်။

မီဇိုရမ်ပြည်နယ်ထဲမှာတော့ ပြီးခဲ့တဲ့ ၅ နှစ်တာကာလအတွင်း ရာဇဝတ်မှုကျူးလွန်သူ နိုင် ငံခြားသားအယောက် ၄၆၀ ဖမ်းမိခဲ့ပြီး အဲဒီထဲက အများစုဟာ မြန်မာနိုင်ငံသားတွေ ဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက အခုရက်ပိုင်းမှာတင် ထုတ်ပြန်ထားပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်ကနေ အခုနှစ်၊ မေလအတွင်း ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပြီး ဒီကာလတွေအတွင်း တချိန်တည်းမှာပဲ ပြည်နယ်အတွင်း ရူပီး ၇၇၀ ဒသမ ၉၅ ကုဋေ တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို ဖမ်းမိခဲ့တာကလည်း နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုတွေ ကြီးထွားလာနေတာကို မီးမောင်းထိုးပြနေတယ်လို့ ဆိုပါတယ်။

ဖမ်းမိခဲ့တဲ့ ရာဇဝတ်မှုကျူးလွန်သူ နိုင်ငံခြားသားအယောက် ၄၆၀ ထဲမှာ မြန်မာနိုင်ငံသား ၄၃၉ ယောက်နဲ့ အများဆုံး ပါဝင်နေပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၈ ယောက်၊ ကျန်တာကတော့ တခြားနိုင်ငံသားတွေဖြစ်ကာ မူးယစ်ဆေးဝါး မှောင်ခိုမှုတွေကစလို့ လက်နက်မှောင်ခိုမှုနဲ့ နေထိုင်ခွင့် ဗီဇာချိုးဖောက်မှုတွေ ပါဝင်နေတယ်လို့ ဆိုပါတယ်။

Source: The Statesman News

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013