Home
မြန်မာသတင်း
မီဇိုရမ်၌ ၅ နှစ်အတွင်း ရာဇဝတ်မှုကျူးလွန်သူ မြန်မာအများစုအပါအဝင် နိုင်ငံခြားသား ၄၆၀ ဖမ်းမိ
DVB
·
August 26, 2025
Photo: Hindustan Time

မြန်မာနယ်စပ်အနီး အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း မီဇိုရမ်ပြည်နယ်မှာ ၅ နှစ်တာကာလအတွင်း ရာဇဝတ်မှုကျူးလွန်သူ နိုင်ငံခြားသားအယောက် ၄၆၀ ဖမ်းမိခဲ့ပြီး အဲဒီထဲက အများစုဟာ မြန်မာနိုင်ငံသားတွေ ဖြစ်တယ်လို့ The Statesman သတင်းစာမှာ ဩဂုတ် ၂၅ ရက်က ဖော်ပြပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်ကနေ အခုနှစ်၊ မေလအတွင်း ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပြီး ဒီကာလတွေအတွင်း တချိန်တည်းမှာပဲ ပြည်နယ်အတွင်း ရူပီး ၇၇၀ ဒသမ ၉၅ ကုဋေ တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို ဖမ်းမိခဲ့တာကလည်း နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုတွေ ကြီးထွားလာနေတာကို မီးမောင်းထိုးပြနေတယ်လို့ ဆိုပါတယ်။

ဖမ်းမိခဲ့တဲ့ ရာဇဝတ်မှုကျူးလွန်သူ နိုင်ငံခြားသားအယောက် ၄၆၀ ထဲမှာ မြန်မာနိုင်ငံသား ၄၃၉ ယောက်နဲ့ အများဆုံး ပါဝင်နေပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၈ ယောက်၊ ကျန်တာကတော့ တခြားနိုင်ငံသားတွေဖြစ်ကာ မူးယစ်ဆေးဝါး မှောင်ခိုမှုတွေကစလို့ လက်နက်မှောင်ခိုမှုနဲ့ နေထိုင်ခွင့် ဗီဇာချိုးဖောက်မှုတွေ ပါဝင်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၅ နှစ်အတွင်း ရာဇဝတ်ပြစ်မှုအမျိုးမျိုးနဲ့ ဖမ်းဆီးခံရတဲ့ဦးရေကတော့ ၁၅,၆၇၃ ယောက် ရှိခဲ့ကာ ၁၄,၄၃၂ ယောက်က ဒေသခံလူမျိုးတွေ ဖြစ်ကြပြီး တခြား အိန္ဒိယပြည်နယ်တွေက ၇၈၁ ယောက် ပါဝင်နေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် တနှစ်အကြာ နိုင်ငံရေးမတည်ငြိမ်မှုတွေ ဖြစ်လာခဲ့တဲ့ ၂၀၂၂ ခုနှစ်ကတော့ ဖမ်းဆီးခံရမှု အများဆုံးဖြစ်ကာ အဲဒီနှစ်ထဲမှာပဲ မီဇိုရမ် ပြည်နယ်ထဲကို ဒုက္ခသည်တွေ အလုံးအရင်းနဲ့ ဝင်ရောက်လာခဲ့ကြတယ်လို့လည်း ဆိုပါတယ်။

အဲဒီ တနှစ်ထဲမှာတင် ရာဇဝတ်ပြစ်မှုကျူးလွန်တဲ့ နိုင်ငံခြားသား ၁၂၄ ယောက် ဖမ်းဆီးခံရပြီး ၂၀၂၃ ခုနှစ်မှာ ၁၀၆ ယောက်နဲ့ ၂၀၂၄ ခုနှစ်မှာ ၈၉ ယောက် ဖမ်းဆီးခံခဲ့ရကာ အခု မေလအထိ  မြန်မာနိုင်ငံသား ၅၃ ယောက် အပါအဝင် နိုင်ငံခြားသား ၅၇ ယောက်ကို ဖမ်းဆီးထားတယ်လို့လည်း သတင်းက ဆိုပါတယ်။

ဒါ့အပြင် အဆိုပါနိုင်ငံခြားသားတွေ ကျူးလွန်တဲ့ ရာဇ၀တ်မှုအမျိုးအစားတွေကိုလည်း ဖော်ပြထားပြီး အဲဒီထဲမှာ မူးယစ်ဆေးဝါး မှောင်ခိုမှု ၁၈၅ မှု၊ ဗီဇာစည်းကမ်းဖောက်ဖျက်မှု ၆၆ မှု၊ လက်နက်နဲ့ ဖောက်ခွဲရေးပစ္စည်း မှောင်ခိုမှု ၄၃ မှု၊ ခိုးမှုနဲ့ ဖောက်ထွင်းမှု ၄၀ မှု၊ လူသတ်မှုနဲ့ ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု ၉ မှုတို့ ပါဝင်နေတယ်လို့ ဆိုပါတယ်။

မီဇိုရမ်ပြည်နယ်အတွင်း မြန်မာနိုင်ငံသားတွေ ဝင်ရောက်လာမှုဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း ထိလွယ်ရှလွယ် ပြဿနာတခု ဖြစ်လာနေပြီး မီဇိုရမ်ပြည်နယ်နဲ့ လူမျိုးရေး၊ ယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံမှုတွေကြောင့် ထောင်နဲ့ချီတဲ့ ဒုက္ခသည်အများစုဟာ ချင်းအသိုက်အဝန်းကနေ မီဇိုရမ်ဘက်ကို ထွက်ပြေးခိုလှုံလာခဲ့ကြတယ်လို့ ဆိုပါတယ်။ 

ပြည်နယ်အစိုးရအနေနဲ့ လူသားချင်းစာနာမှုအကူအညီတွေကို တိုးချဲ့ဆောင်ရွက်နေချိန် ရဲတပ်ဖွဲ့ရဲ့ အချက်အလက်တွေက ခုလိုဝင်ရောက်လာမှုရဲ့ အမှောင်ဘက်ခြမ်းကို မီးမောင်းထိုးပြနေပြီး တချို့သော ဒုက္ခသည်တွေဟာ ဖွဲ့စည်းထားတဲ့ ရာဇ၀တ်မှုကွန်ရက်တွေမှာ ပါဝင်နေကြတယ်လို့ လည်း သတင်းမှာ ဖော်ပြပါတယ်။

Source : The Statesman

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013