
မလေးရှားနိုင်ငံမှာ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၃၆ ယောက် ဖမ်းဆီးခံခဲ့ရတဲ့အကြောင်း မလေးရှားနိုင်ငံထုတ် The Sun သတင်းစာမှာ ဩဂုတ် ၂၀ ရက်က ဖော်ပြပါတယ်။
မလေးရှား တပ်ရင်း ၈ အထွေထွေ စစ်ဆင်ရေးတပ်ဖွဲ့က သတင်းပေးချက်အရ အဲဒီနေ့ မနက်အစောပိုင်းက မလေးရှားနဲ့ ထိုင်းနယ်စပ် မလေးရှားနိုင်ငံဘက်ခြမ်း ရန်တောင်ပန်ဂျန်မြို့မှာ စင်းလုံးငှားဘတ်စ်ကားတစီးနဲ့ သွားနေတဲ့ မြန်မာနိုင်ငံဘက်ကနေ တရားမဝင် ဝင်ရောက်လာသူတွေကို ဖမ်းဆီးနိုင်ခဲ့တာလို့ ဆိုပါတယ်။
ပုံမှန်စစ်ဆေးချိန်အတွင်း မနက် ၆ နာရီခွဲလောက်မှာ အဆိုပါ ဘတ်စ်ကားကို ကြား ဖြတ်စစ်ဆေးခဲ့တာဖြစ်ပြီး တရားမဝင် မြန်မာတွေနဲ့အတူ အသက် ၃၇ နှစ်အရွယ် ဒေသခံ ယာဉ်မောင်းကိုပါ ဖမ်းမိခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။
ဖမ်းဆီးခံရသူတွေဟာ အသက် ၂၀ ကနေ ၄၀ ကြားအရွယ်တွေဖြစ်ပြီး အမျိုးသမီး ၂ ယောက် ပါဝင်နေတာပါ။
သူတို့ ၃၆ ယောက်ထဲမှာ ၄ ယောက်က တရားဝင် ပြည်ဝင်ခွင့်တံဆိပ်တုံးမပါတဲ့ နိုင်ငံကူး လက်မှတ်ကိုင်ဆောင်ထားပြီး သက်တမ်းကုန် နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူ တယောက်နဲ့ ကျန်တဲ့ ၃၁ ယောက်မှာတော့ အထောက်အထားတစုံတရာ မရှိဘူးလို့ ဆိုပါတယ်။
လက်ရှိမှာတော့ သူတို့ကို ရဲစခန်းဆီ ပို့ဆောင်ထားပြီး တရားဥပဒေအရ လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေသလို သံသယရှိသူတွေကို လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ ၁၉၅၃/၆၃ အရ စုံစမ်းစစ်ဆေးနေပြီး ဒေသခံ ယာဉ်မောင်းကိုလည်း လူကုန်ကူးမှု တိုက်ဖျက်ရေးနဲ့ ရွှေ့ပြောင်းနေထိုင်သူများလူကုန်ကူးမှု အက်ဥပဒေနဲ့ စွဲချက်နဲ့ တရားစွဲဆိုထားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
Source : The Sun Malaysia