Home
မြန်မာသတင်း
လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးရေး အကောင်အထည်ဖော်သွားမည်ဟု KNU ကတိပြု ကြေညာ
DVB
·
September 1, 2025

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကာကွယ်တားဆီးရေးနဲ့ ကျား၊ မ ခွဲခြားဆက်ဆံမှုပပျောက်ရေးနဲ့ ပတ်သက်တဲ့ ကတိကဝတ်တွေကို အကောင်အထည်ဖော်သွားဖို့ ထပ်လောင်းအတည်ပြုတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က စက်တင်ဘာလ ၁ ရက်မှာ  ကတိပြု ကြေညာလိုက်ပါတယ်။  

ဝါရင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU)ဟာ  လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးရေးနဲ့ ကျား၊ မ ခွဲခြားဆက်ဆံမှုပပျောက်ရေးနဲ့ ပတ်သက်တဲ့ ကတိကဝတ်ပြုလွှာကို  Geneva call အဖွဲ့အစည်းနဲ့ ၂၀၂၃ ခုနှစ် ဇူလိုင် ၂၁ ရက်မှာ  လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

ဒီကတိပြုလွှာကို လက်မှတ်ရေးထိုးခဲ့တဲ့အတွက် KNU အာဏာသက်ရောက်တဲ့ နေရာတိုင်းမှာ ဖြစ်ပွားနေတဲ့ လိင်ပိုင်းအဆိုင်ရာ အကြမ်းဖက်မှုပုံစံအားလုံးကို ကာကွယ်တားဆီးဖို့၊ အကျဉ်းကျနေသူတွေနဲ့ အရပ်သားတွေကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေက ကာကွယ်တားဆီးဖို့၊ အရပ်သားတွေကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ခံစားခဲ့ရသူတွေကို ဆေးဘက်ဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ ဥပဒေရေးရာ၊ လူမှုရေးအကူအညီတွေရရှိစေဖို့  စတာတွေကို ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

အဲဒီလုပ်ဆောင်ချက်ဟာ လူ့ဂုဏ်သိက္ခာနဲ့ အခွင့်အရေးအပေါ်မှာ နက်ရှိုင်းစွာ စွဲကပ်ထားတဲ့ ယုံကြည်ချက်ကို ထင်ဟပ်စေတယ်လို့ ဆိုပါတယ်။

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေဟာ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားနေတဲ့ ကာလအတွင်းမှာ ထိခိုက်နစ်နာသူ လူသားတယောက်ချင်းစီ၊ မိသားစုလူမှုအသိုက်အဝန်းအပေါ် ဆိုးဝါးတဲ့ နာကျင်မှုတွေ ခံစားရစေပြီး အကျိုးဆက်အနေနဲ့ စိုးရိမ်ပူပန်မှုတွေ ဖြစ်ပွားစေတယ်လို့ ဆိုပါတယ်။

KNU အနေနဲ့ အမျိုးသား၊ အမျိုးသမီး တန်းတူညီမျှ ရှင်သန်နေထိုင်နိုင်ပြီး အကြမ်းဖက်မှုကြောင့် ထိခိုက်ခံစားရသူမရှိတဲ့ လူ့အဖွဲ့အစည်းတရပ်ကို တည်ဆောက်မယ့်အကြောင်း ကရင်လူထုနဲ့ ပြည်သူလူထုတရပ်လုံးကို ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းနှိုးဆော် အသိပေးကြေညာထားပါတယ်။

မြန်မာ့လွတ်လပ်ရေးရပြီးကတည်းက ဆယ်စုနှစ်ပေါင်းများစွာ ပြည်တွင်းစစ် ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ ကရင်ပြည်နယ်မှာ အမျိုးသမီးတွေဟာ စစ်အာဏာရှင်တပ်တွေရဲ့   လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ မျိုးစုံခံစားခဲ့ရတာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013