
ထိုင်းမြောက်ပိုင်း ချင်းမိုင်ခရိုင်၊ မဲ့ကျဲမ်မြို့နယ်၊ မဲ့ဆစ်အုပ်စု၊ ပန်အုံကျေးရွာမှာ ဩဂုတ် ၂၇ ရက် မနက်စောစောက တောင်ကျချောင်းရေကြောင့် မြေပြိုပြီး သေဆုံးဒဏ်ရာရသူတွေထဲမှာ မြန်မာ နိုင်ငံသား ရှမ်းရွှေ့ပြောင်းလုပ်သားမိသားစုဝင်တွေလည်း ပါဝင်တယ်လို့ ထိုင်းနိုင်ငံ သဘာဝဘေးအန္တရာယ်တားဆီးကာကွယ်ရေးဌာနရဲ့ ဩဂုတ် ၃၀ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြ ပါတယ်။
ပန်အုံရွာမြေပြိုမှုမှာ အဲဒီရွာက အိမ်ခြေ ၁၀ လုံး ဘာမှမကျန်အောင် ရေတိုက်စားသွားပြီး အိမ်ခြေ ၁၅၇ လုံး ပျက်စီးတယ်။ အိမ်ထောင်စု ၅၄၈ စုက လူပေါင်း ၂,၀၀၀ ကျော် သဘာဝဘေးဒဏ်သင့်ခဲ့တယ်။ လူ ၇ ယောက် သေဆုံးပြီး ၁၅ ယောက် ဒဏ်ရာရကာ ၂ ယောက် ပျောက်ဆုံးနေတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
သေဆုံးသူတွေထဲမှာ မြန်မာနိုင်ငံက ရှမ်းရွှေ့ပြောင်းလုပ်သား နန်းမူး ( ၂၈ နှစ် )၊ စိုင်းအောင်မိုင်း ( ၇ နှစ် )၊ နန်းဆန့် ( ၅၂ နှစ် )၊ စိုင်းနွဲ့ ( ၂၉ နှစ် )၊ နန်းနွတ် ( ၂၅ နှစ် ) တို့ ပါဝင်ပြီး ပျောက်ဆုံးနေဆဲ ၅ နှစ်ရွယ်ကလေး ၂ ယောက်လည်း အဲဒီရှမ်းမိသားစုထဲကဖြစ်တယ်၊ တယောက်က သေဆုံးသူ နန်းနွတ်ရဲ့ သားဖြစ် ပါတယ်။
လူမှုကွန်ရက်ဖော်ပြချက်အရ သူတို့တွေဟာ ရှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်ကဖြစ်ကာ အဲဒီရွာက စိုက်ခင်းတွေမှာ အလုပ်လာလုပ်ကြတယ်၊ တအိမ်တည်းနေ ဆွေမျိုးသားချင်းတွေဖြစ် ပါတယ်။
ကျန်သေဆုံးဒဏ်ရာရသူတွေကတော့ အများစုက ဒေသခံမြောင်ဇီးတိုင်းရင်းသားတွေ ဖြစ်ပါတယ်။ အဲဒီရက်ပိုင်းက မိုးအဆက်မပြတ် ရွာသွန်းတာကြောင့် ဒွိုင်ပန်အုံတောင်ပေါ်ကရေတွေ အရှိန်အဟုန်နဲ့ စီးဆင်းလာပြီး သစ်ပင်တွေ ကျောက်တုံးကြီးတွေကိုပါ သယ်ဆောင်လာတယ်၊ အဲဒီနောက် တောင်ခြေက ပန်အုံရွာရှိ လူနေအိမ်ခြေတွေကို တိုက်စားသွားတာလို့ ရွာသားတွေက ပြောပါတယ်။
လူတွေအိပ်မောကျချိန် မြေပြိုလာတာကြောင့် ဘာမှပြင်ဆင်ချိန် ထွက်ပြေးချိန်မရဘူး၊ မိုးလင်းတော့ အိမ်လည်း မရှိတော့ဘူး၊ စားသောက်စရာတွေ အိမ်ထောင်ပရိဘောဂတွေ ပိုက်ဆံနဲ့ အဖိုးတန်ပစ္စည်းတွေ အကုန်ရေထဲပါသွားပြီး အဝတ်တထည် ကိုယ်တခုသာ ကျန်တယ်။ ထိတ်လန့် ချောက်ချားပြီး ငိုလို့မရအောင်ကို တစ်ဆို့နေတယ်လို့ ရွာသူတယောက်က သတင်းထောက်တွေကို ပြောပါတယ်။
လက်ရှိရေကျသွားပေမဲ့ အိမ်ခြေတွေ ပြန်ပြင်ဖို့ မလွယ်ကူဘူး၊ ရွာသားတွေကလည်း အဲဒီမှာဆက်နေဖို့ ချောက်ချားနေကြတယ်၊ ဖြစ်နိုင်ရင်တော့ အန္တရာယ်ကင်းတဲ့ အရပ်ဒေသကို ရွှေ့ပြောင်းသွားလိုတယ်လို့ ပြောပါတယ်။
ထိုင်းပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီး နန်းဆောင် ထီရရတ် ဆမ်ရစ်ဝါနစ်နဲ့ အဖွဲ့တွေဟာ ဩဂုတ် ၃၁ က အဲဒီရွာကို သွားရောက်ခဲ့ပြီး သဘာဝဘေးသင့်ပြည်သူတွေကို တွေ့ဆုံအားပေးကာ သေဆုံးသွားသူတွေအတွက် တယောက်ကို ဘတ် ၂၉,၇၀၀ ပေးအပ်ပြီး တခြားလိုအပ်တဲ့ စားနပ်ရိက္ခာ၊ ဆိုလာမီး၊ ဓာတ်အားပေးစက်၊ သောက်ရေသန့်စက် စတဲ့ အရေးပေါ်ပစ္စည်းတွေ ထောက်ပံ့ပေးခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
Source : CM PRICE/ DDPM