Home
မြန်မာသတင်း
နယ်စပ်တွင်ပိတ်မိနေသည့် ထိုင်းကုန်တင်ယာဉ် ၆၀၀ ကျော် ကုန်စည်အသိမ်းခံရမည်ကို စိုးရိမ်နေ
DVB
·
August 28, 2025

မြန်မာ-ထိုင်းနယ်စပ် အမှတ် ၂ ချစ်ကြည်ရေးတံတားမှာ ပိတ်မိနေတဲ့ ထိုင်းကုန်စည်တင်ယာဉ် ၆၀၀ ကျော်ဟာ တလအတွင်း ထွက်ခွာခွင့်မရရင် ထိုင်းဥပဒေအရ ကုန်စည်တွေ သိမ်းဆည်းခံရမှာကို စိုးရိမ်နေရတယ်လို့ နယ်စပ်ကုန်သည်တွေက ပြောပါတယ်။

စစ်ကောင်စီက နယ်စပ်ကနေ တရားမဝင် ကုန်စည်တင်သွင်းမှုတွေကို တားဆီးလိုက်ပြီးတဲ့နောက်မှာ နယ်စပ်လမ်းကြောင်းတွေအပြင် ရေကြောင်းကနေ ဝင်ရောက်လာမယ့် စားသောက်ကုန်၊ လူသုံးကုန် အပါအဝင် ကုန်စည် ၃၅ မျိုးထဲက အများစုကို ပိတ်ပင်ခဲ့ပါတယ်။

ရေကြောင်းလမ်းဖြစ်တဲ့ ရနောင်း-ကော့သောင်း-ရန်ကုန် လမ်းကြောင်းကနေ စစ်ကောင်စီက သွင်းကုန်တင်သွင်းသူတွေ အနေနဲ့ ပို့ကုန်ရငွေရှိရင် သွင်းကုန်လိုင်စင် ခွင့်ပြုပေးခဲ့ပါတယ်။

လက်ရှိမှာလည်း ဩဂုတ် ၁၈ ရက်ကစပြီး မြန်မာ-ထိုင်းနယ်စပ် အမှတ် ၂ တံတားကို မြန်မာဘက်ခြမ်းက စတင်ပိတ်လိုက်တာကြောင့် ထိုင်းကုန်စည်တင်ယာဉ် ၆၀၀ ကျော်ဟာ ပိတ်မိနေပါတယ်။

နယ်စပ်ကုန်သည်တယောက်က “မြန်မာဘက်က ဒီတံတားကြီးကို လုံးဝပိတ်ထားတယ်ဆိုတော့ ထိုင်းဘက်ကနေ ဘယ်လိုမှ သွင်းလို့မရတော့ဘူး။ အောက်လမ်းက သွင်းရင်လည်း စစ်အစိုးရက ဒီဘက်မှာ လူအင်အားဖြည့်ပြီးတော့ ဒီပစ္စည်းတွေ ဖမ်းသိမ်းမှာလည်း ကြောက်ကြတယ်။ ကုန်သည်တွေအနေနဲ့ ဒီပစ္စည်းက ထိုင်းနိုင်ငံမှာ ပြောမယ်ဆိုရင် သူ့ရဲ့ ရက်အကန့်အသတ်နဲ့ သူနိုင်ငံက မထွက်ဘူးဆိုရင် သိမ်းပိုင်ခွင့်ရှိတယ်။ ကုန်သည်တွေအနေနဲ့ ကုန်တွေ အသိမ်းခံရမှာလည်း ကြောက်နေရတယ်။ သူတို့သတ်မှတ်ကာလက တလပဲပေးထားတာ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၉ ရက်က တရားမဝင် ဝင်ရောက်လာတဲ့ ကုန်ပစ္စည်းတွေကို နယ်စပ်ဒေသနဲ့ ကုန်သွယ်မှုလမ်းကြောင်းတွေအပြင် ပြည်တွင်းသိုလှောင်ရုံနဲ့ ဈေးကွက်တွေအထိ ဝင်ရောက်စစ်ဆေး အရေးယူသွားဖို့ ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ညွှန်ကြားခဲ့ပြီးနောက် ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်ဆောင်ခဲ့ပါတယ်။

ကရင်ပြည်နယ်အတွင်းမှာ ထိုင်းနိုင်ငံထုတ် ကုန်စည်တွေ ပြတ်တောက်လာတာကြောင့် ကိုယ်လိုချင်တာ ဝယ်လို့မရတော့ဘူးလို့ ဘားအံမြို့ခံတွေက ပြောပါတယ်။

ဘားအံမြို့ခံတယောက်က “ရန်ကုန်ဘက်တွေမပြောနဲ့၊ ဒီ ကရင်ပြည်နယ်တောင်မှ ထိုင်းနဲ့ နီးနေတာတောင်မှ ပစ္စည်းတွေက တဖြည်းဖြည်းနဲ့ပြတ်ပြီ။ ကိုယ်လိုချင်တဲ့ပစ္စည်းတွေ ဝယ်လို့မရတော့ဘူး။ ကုန်ဈေးနှုန်းတွေလည်း ထပ်တက်လာတယ်။ စူပါကော်ဖီအသေး ၂၅ ထုပ်ပါဆိုရင်  ၁၃,၀၀၀ ကျော်က အခု ၁၅,၀၀၀။ အဲဒီ ၁၅,၀၀၀ တောင် ဆိုင်တိုင်းဝယ်လို့ မရတော့ဘူး။ ကုန်စည်တွေ ပြတ်လပ်တဲ့အတွက် ပြည်သူတွေက ပိုဒုက္ခရောက်တယ်။ ဘာဖြစ်လို့ဆိုတော့ ကုန်စည်တွေ မဝင်တဲ့အတွက် ကုန်ဈေးနှုန်းကြီးပြီး စီးပွားရေး ပိုကျပ်တည်းလာတယ်” လို့ ပြောပါတယ်။

ဩဂုတ် ၁၂ ရက်က နယ်စပ်ဒေသတွေမှာ တရားမဝင်ကုန်သွယ်မှုတွေကို တိုက်ဖျက်တာဟာ လက်နက်ကိုင် အကြမ်းဖက်မှုတွေကို လျော့ကျလာစေမှာဖြစ်ပြီး အဲဒီဒေသက လက်နက်ကိုင်အဖွဲ့တွေ တရားမဝင် ကုန်စည်တင်သွင်းမှုတွေကနေ ကောက်ခံရရှိတဲ့ ဆက်ကြေးတွေကတဆင့် အင်အားတည်ဆောက်လာနိုင်တဲ့အတွက် တရားမဝင်ကုန်သွယ်မှုတွေကို ထိထိရောက်ရောက် တိုက်ဖျက်သွားဖို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားထားပါတယ်။

အောင်ခန့်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013