
ခွင့်ပြုထားတဲ့အချိန်ပိုထက်ပိုပြီး အလုပ်ဆင်းခိုင်းနေတဲ့ စက်ရုံတွေကို အရေးယူသွားမယ်လို့ စစ်ကောင်စီလက်အောက်ခံ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနက သတိပေးလိုက်ပါတယ်။
ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်နဲ့ စက်မှုဇုန်ပြင်ပက စက်ရုံ/အလုပ်ရုံတွေမှာ ခွင့်ပြုမိန့်ထက် ကျော်လွန်ပြီး အလုပ်သမားတွေကို အချိန်ပိုခေါ်ယူ အလုပ်ခိုင်းနေတာနဲ့ပတ်သက်လို့ အလုပ်သမားတွေဆီ တိုင်ကြားတာတွေရှိနေတာကြောင့် ကျူးလွန်တဲ့စက်ရုံတွေကို စစ်ဆေး အရေးယူသွားမယ်လို့ အဲဒီဌာနက စက်ရုံတွေကို အသိပေးအကြောင်းကြားထားတာပါ။
စက်ရုံအလုပ်ရုံတွေအနေနဲ့ စက်ရုံရှိ အလုပ်သမားတွေကို အချိန်ပိုခေါ်ယူ လုပ်ကိုင်ဖို့အတွက် အလုပ်သမားဝန်ကြီးဌာနရဲ့ အချိန်ပိုခွင့်ပြုမိန့်တောင်းခံရမှာ ဖြစ်ပါတယ်။
တချို့စက်ရုံ အလုပ်ရုံတွေက တနင်္လာနေ့ကနေ သောကြာနေ့အထိ အချိန်ပိုကို ခွင့်ပြုမိန့်ထက်ကျော်လွန် လုပ်ခိုင်းနေတယ်ဆိုတဲ့ အလုပ်သမားတွေရဲ့ တိုင်ကြားချက်တွေအရ စစ်ဆေးခဲ့ရာ အမှန်တကယ် ကျူးလွန်ခိုင်းစေနေတာကိုတွေ့ရှိရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စနေနေ့မှာလည်း ခွင့်ပြုမိန့်ထက်ကျော်လွန်ပြီး အချိန်ပိုကို ညနေ ၆ နာရီခွဲကနေ ၇ နာရီ အထိခိုင်းစေနေတာတွေကိုပါ စစ်ဆေးတွေ့ရှိရတယ်လို့ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနရဲ့ အသိပေးအကြောင်းကြားစာမှာ ဖော်ပြပါတယ်။
အဲဒီလို ခွင့်ပြုမိန့်ထက် အချိန်ပိုခေါ်ယူတဲ့ စက်ရုံ အလုပ်ရုံတွေကို ဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်သလို ထပ်ပြီး ခွင့်ပြုမိန့်ထက်ကျော်လွန် လုပ်ကိုင်နေတဲ့ စက်ရုံ၊ အလုပ်ရုံတွေကိုလည်း စစ်ဆေးအရေးယူသွားမယ်လို့ သတိပေးထားတာဖြစ်ပါတယ်။
စက်ရုံတွေက အချိန်ပိုမတန်တဆ ခိုင်းတဲ့လုပ်ရပ်ကို စစ်တပ်အာဏာသိမ်းကာလအတွင်းမှာမှ ပိုမိုဆိုးရွားစွာ ကြုံတွေ့နေရတာဖြစ်ပြီး သက်ဆိုင်ရာဌာနကနေ ထိရောက်တဲ့ အရေးယူတာမျိုး မတွေ့ရဘူးလို့ အထည်ချုပ်စက်ရုံလုပ်သားတချို့က ပြောပါတယ်။
ရွှေပြည်သာမြို့နယ်မှ အထည်ချုပ်လုပ်သားတယောက်က “တိုင်ရင်လည်း ဟန်ပြလောက် လာစစ်ပြီး ပြန်သွားတာ။ အခုကလည်း မကောင်းတတ်လို့ စာထုတ်တာ ထင်တာပဲ။ တကယ်ဆိုရင် ထိထိရောက်ရောက် အရေးယူပြရမှာလေ”လို့ ပြောပါတယ်။
စက်ရုံတချို့က လုပ်ငန်းလိုအပ်ချက်ကြောင့်ဆိုပြီး ညလုံးပေါက် အချိန်ပိုဆင်းခိုင်းတာမျိုးတွေ ရှိနေတာကြောင့် အလုပ်သမားတွေ ကျန်းမာရေးထိခိုက်ရတာတွေ ရှိနေတယ်လို့လည်း ပြည်တွင်း အလုပ်သမားအရေး ကူညီနေသူတွေက ဆိုပါတယ်။