Home
မြန်မာသတင်း
စစ်သင်္ဘောများကို လုံခြုံရေးယူပေးသည့် စစ်တပ်က ထန်းတောရွာအတွင်း ပစ်ခတ်
DVB
·
August 27, 2025

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဝမ်ပေါင်ဆိုက်ထဲက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သြဂုတ် ၂၇ ရက်မနက်မှာ ညောင်ပင်ကြီးရဲစခန်းကနေ ထန်းတောရွာတောင်ဘက်ကို သေနတ်တွေပစ်ဖောက်ပြီး စစ်ကြောင်းထိုးလာနေတာကြောင့် ဒေသခံတွေ စိုးရိမ်ထိတ်လန့်နေ ပါတယ်။

နေ့လယ် ၁ နာရီကျော်မှာလည်း ရေကြောင်းကနေ ဆားလင်းကြီးမြို့နယ်အတွင်းကို ဖလပ်တွဲသင်္ဘော ၈ စီး၊ သင်္ဘော ၂ စီးတို့နဲ့ ဆန်တက်လာပြီး ခွန်သာရွာအနီးကို ဆိုက်ကပ်လာနေတယ်လို့ ဆိုပါတယ်။

ညောင်ပင်ကြီးဒေသခံတယောက်က “ကုန်းလမ်းရော ရေလမ်းကပါ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ်ကြောင်းထိုးလာနေတာ၊ ညောင်ပင်ကြီးမှာတော့ စစ်သားသစ်တွေအပါအဝင် အင်အား ၁၀၀ ကျော်လောက်ရှိတယ်။ လက်ရှိ အိုမရွာက ဒေသခံတွေတော့ ဘေးလွတ်ရာတွေကို ထွက်ပြေးနေကြပြီ” လို့ ပြောပါတယ်။

မနက်ကတည်းက ဝမ်ပေါင်တရုတ်ဆိုက်ထဲက ထွက်လာတာ၊ ရေကြောင်းကတက်လာတဲ့ ဖလပ်သင်္ဘောတွေနဲ့ စစ်သင်္ဘောတွေကို လုံခြုံရေးယူပေးတဲ့ စစ်ကြောင်းက ညောင်ပင်ကြီးရဲစခန်းအနီးကနေ ထန်းတောရွာတောင်ဘက်ကို သေနတ်တွေနဲ့ ပစ်ခတ်ဝင်လာပြီး ဇာတ်ဆိပ်ဘက်ကို ထွက်နေတယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်းယင်းမာပင်ခရိုင်ထဲကို စစ်တပ်ရဲ့ စစ်ကြောင်း အင်အားဖြည့်တင်းတာ၊ လက်နက်ခဲယမ်းရိက္ခာ ပို့ဆောင်တာတွေကို သြဂုတ် ပထမအပတ်ကတည်းက စတင်လုပ်ဆောင်နေတာဖြစ်ပြီး ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာတွေကိုလည်း လက်နက်ငယ်တွေနဲ့ ရမ်းသန်းပစ်ခတ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013