
ကချင်ပြည်နယ်၊ ဖားကန့်မြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ဩဂုတ် ၂၆ ရက် ညမှာ ဒေသခံတွေရှိနေတဲ့ နေရာတွေကို လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် ကိုရင် ၂ ပါး အပါအဝင် ဒေသခံ ၇ ယောက်ထက်မနည်း ထိခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ည ၆ နာရီကျော်ကစပြီး ညသန်းခေါင် ၁ နာရီဝန်းကျင်အထိ ဖားကန့် ဗျူဟာကုန်း၊ မရှီကထောင်ရပ်ကွက် တရုတ်ဘုံကျောင်းထိပ်နဲ့ အေးမြသာယာရပ်ကွက် ရှင်ကြီးကုန်း စတဲ့ နေရာ ၃ နေရာကနေ လက်နက်ကြီးနဲ့ အရပ်သားတွေရှိနေတဲ့ နေရာတွေဘက်ကို ဆက်တိုက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် အရပ်သား ၇ ယောက်ကတော့ ကြီးကြီးမားမား ထိခိုက်ခဲ့ပြီး အနည်းငယ် ထိခိုက်သူတွေလည်း ရှိတယ်လို့ ဖားကန့်မြို့ ဒေသခံတယောက်က DVB ကို ပြောပါတယ်။
“မနေ့ည ၆ ခွဲလောက်ကစပြီး စစ်ကောင်စီ ဗျူဟာကုန်းနဲ့ သူတို့တပ်စွဲထားရာ ၃ နေရာလောက်ကနေ လက်နက်ကြီးပစ်ခတ်မှုတွေ ရှိတယ်။ ပစ်ခတ်မှုအတွင်း အရပ်သားထိခိုက်မှု ရှိတယ်။ မနေ့ညအထိတော့ ၇ ဦး ထိခိုက်ထားတယ်လို့ သိရတယ်။ ဒါပေမဲ့ တခြား နည်းနည်းပါးပါး ထိခိုက်တဲ့သူတွေလည်း ရှိတယ်လို့ ဒီမနက် ပြန်ကြားရတယ်။”
လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ မြို့မရပ်ကွက် မဏိဇေယျုံ ဘုန်းကြီးကျောင်းက ကိုရင် ၂ ပါး၊ ဆိပ်မူကျေးရွာအုပ်စု၊ ဘဇံချောက်ရွာက အမျိုးသားတယောက်၊ လုံးခင်းကျေးရွာအုပ်စု ဆွတ်အိန်ယာန်ရွာက အမျိုးသမီး ၃ ယောက်နဲ့ အမျိုးသားတယောက် စုစုပေါင်း ၇ ယောက် ပြင်းပြင်းထန်ထန် ထိခိုက်ခဲ့ပြီး ဖားကန့်ဆေးရုံကြီးမှာ ကုသမှုခံယူနေတယ်လို့ ပြောပါတယ်။
လက်နက်ကြီးပစ်ခတ်တာနဲ့ အရပ်သားထိခိုက်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို DVB က ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်ကောင်စီနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှစ်ဖက်လုံးအတွက် ဘဏ္ဍာရေးအရ အရေးပါတဲ့ ဖားကန့်မြို့ရဲ့ အရေးကြီးတဲ့ လမ်းပိုင်းနဲ့ နယ်မြအများစုကို ပြီးခဲ့တဲ့နှစ်အတွင်းမှာ KIA ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ တန်ပြန်ထိုးစစ်ဆင်ပြီး ဖားကန့်လမ်းပိုင်းနဲ့ နယ်မြေတချို့ကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်ပြီးနောက် ဖားကန့်မြို့အတွင်းမှာ ထပ်ပြီး စစ်ကြောင်းထိုးနေတာကြောင့် နေ့တိုင်းလိုလို နှစ်ဖက်ထိတွေ့မှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။