
ကရင်ပြည်နယ်၊ ကော့ကရိတ်- မြဝတီလမ်းပိုင်းကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်ကြောင်း ၂ ကြောင်းနဲ့ ထိုးဖောက်ဝင်ရောက်ဖို့ ကြိုးစားနေတာကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းစစ်ကြောင်းတွေနဲ့ တိုက်ပွဲတွေ ပြင်းထန်ဖြစ်ပွားနေပါတယ်။
ဩဂုတ် ၂၆ ရက်မှာ စစ်တပ်က ၆ ဘီးကား ၇ စီးနဲ့အတူ စစ်မှုထမ်းတပ်သားသစ်တွေကို အောင်ဇေယျစစ်ကြောင်းဆီ အင်အားဖြည့်တင်းခဲ့ပါတယ်။
ဒါအပြင်တိုက်ပွဲအတွင်း စစ်တပ်က လေကြောင်းကနေ ပစ်ကူပေး ဗုံးကြဲခဲ့တာကြောင့် ကော့ကရိတ်-မြဝတီ အာရှလမ်းပိုင်းတချို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။
ကော့ကရိတ်-မြဝတီ လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ အောင်ဇေယျစစ်ကြောင်းက စစ်မှုထမ်းတပ်သားသစ်တွေ အင်အားဖြည့်တင်းပြီး ကော့ကရိတ်လမ်းဟောင်းဘက်နဲ့ အာရှလမ်းဘက်ကနေ စစ်ကြောင်း ၂ ကြောင်းနဲ့ ထိုးဖောက်ဖို့ကြိုးစားနေတာဖြစ်ပါတယ်။
ကရင်စစ်ရေးသတင်းရင်းမြစ်တယောက်က “အခုက နေရာတိုင်းမှာ ကျနော်တို့ ဒီဘက်က ပိတ်ပြီး ပြန်ပြန်ဖြိုနေတော့ ဒီကောင်တွေ ပြန်ပြန်ဆုတ်သွားတာပဲရှိတယ်။ မရဘူး။ ဘာမှ မဟုတ်ဘူး သွေးတိုးစမ်းတာ။ နည်းနည်းလေးပစ်ပြီး ဝင်ဝင်လာတယ်။ ဒီကောင်တွေလာပြီဆိုရင် လက်နက်ကြီး တွေ ဆက်တိုက်ပစ်လာတယ်။ Y 12 တွေပတ်တယ်။ ပြီးရင် ဒီဘက်နေ ပြန်ပြီးဖြိုလိုက်ရင် ပြန်ပြေးသွားတယ်။ ဒီလောက်ပဲ”လို့ ပြောပါတယ်။
KNLA ပူးပေါင်းစစ်ကြောင်းတွေက စစ်ရေးဗျူဟာအရ တိုက်ခိုက်နေတာကြောင့် အောင်ဇေယျစစ်ကြောင်း တိုးမပေါက်ဘူးလို့ စစ်ရှောင်အရေးကူညီပေးနေ သူတွေက ပြောပါတယ်။
စစ်ရှောင်အရေးကူညီပေးနေသူတယောက်က “လက်ရှိ စကစ က စစ်ကြောင်း ၂ ကြောင်းနဲ့ မြဝတီအာရှ ဟိုင်းဝေးလမ်းကိုပြန်ပြီး ထိန်းချုပ်နိုင်ဖို့ တိုးနေတာက ဟုတ်တယ်။ တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း တက်မလာနိုင်အောင် ကြားဖြတ်တိုက်ခိုက်တာ။ သူတို့ရဲ့စစ်ရေးဗျူဟာအရ တိုက်ခိုက်တာတွေ ရှိတဲ့အတွက်ကြောင့် အခုလောလောဆယ်တော့ တိုးမပေါက်ဘူး။ အသေခံပြီးတက်တော့လည်း သေတယ်။ အသေအပျောက်တွေလည်း အရမ်းများနေတယ်။ တက်လိုက် လန့်ကျလိုက်ဖြစ်နေတယ်”လို့ ပြောပါတယ်။
ဩဂုတ် ၂၃ ရက်က ကော့ကရိတ်လမ်းပိုင်းအနီးက တတန်ကူးကျေးရွာမှာ စစ်တပ်နဲ့ KNLA ဦးဆောင်တဲ့ ပူးပေါင်းတပ်တို့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။
ဒါ့အပြင် စစ်တပ်ရဲ့ ကျုံဒိုး ခမရ ၅၄၅၊ ခမရ ၅၄၆ ကနေ တော်လှန်ရေးတပ်ဖွဲ့တွေရှိနိုင်မယ့် ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် နေအိမ်တွေ ပျက်စီးတာ ကျွဲ၊ နွား၊ တိရိစ္ဆာန်တွေ သေဆုံးပြီး လူထိခိုက်တာတွေ ရှိတယ်လို့ စစ်ရှောင်အရေးကူညီပေးနေသူတွေက ပြောပါတယ်။
အောင်ခန့်