Home
နိုင်ငံတကာ
အီလွန်မတ်စ်ခ်ပိုင်ကုမ္ပဏီက Apple နှင့် OpenAI ကို အမှုဖွင့်
DVB
·
August 26, 2025
Photo: Reuters

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မတ်စ်ခ် ပိုင်ဆိုင်တဲ့ လုပ်ငန်း ၂ ခုက Apple နဲ့ OpenAI ကုမ္ပဏီတွေကို ဥပဒေနဲ့မညီတဲ့ ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ခဲ့တယ်ဆိုပြီး တရားစွဲလိုက်ပါတယ်။

အဲဒီအမှုက iPhone တွေရဲ့ လုပ်ငန်းလည်ပတ်ရေးစနစ် (OS) ထဲမှာ ChatGPT အသိဉာဏ်ရည်တုကို ထည့်သွင်းအသုံးပြုခွင့်ပေးမယ့် အစီအစဉ်ကြောင့်ပဲ ဖြစ်ပါတယ်။

အဲဒီနောက် တက္ကဆက်ပြည်နယ်က ဖက်ဒရယ်တရားရုံးမှာ Apple နဲ့ OpenAI တို့ရဲ့ သီးသန့် သဘောတူညီချက်ကို မျှတတဲ့ စျေးကွက်ပြိုင်ဆိုင်မှုဥပဒေကို ချိုးဖောက်ရာရောက်တယ်ဆိုပြီး စွဲချက်တင်ထားပါတယ်။

၂၀၁၅ ခုနှစ်တုန်းက OpenAI ကုမ္ပဏီကို လက်ရှိစီအီးအို ဆမ်အော့တ်မန်းနဲ့ အီလွန်မတ်စ်ခ်တို့ ပူးတွဲတည်ထောင်ခဲ့တာ ဖြစ်ပေမဲ့လည်း နောက်ပိုင်းမှာတော့ ခါးသီးတဲ့ပြိုင်ဘက်တွေ ဖြစ်လာခဲ့ပါတယ်။

ဒါ့အပြင် အော့တ်မန်းဟာ တည်ထောင်ကာစ ရည်ရွယ်ချက်ဖြစ်တဲ့ အများပြည်သူ အကျိုးပြုရေးကနေ OpenAI ကို လမ်းလွဲအောင် ဦးဆောင်နေတယ်လို့ မတ်စ်ခ် အနေနဲ့ စွပ်စွဲ ပြောဆိုထားတာပါ။

ဒါကြောင့် Grok လိုမျိုး Chatbot အပါအဝင် xAI အသိဉာဏ်ရည်တု ကုမ္ပဏီကို မတ်စ်ခ်က သီးခြားထူထောင်ပြီး နောက်ထပ် သူပိုင်တဲ့ X လူမှုကွန်ရက်ကုမ္ပဏီနဲ့အတူ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

အခုလ အစောပိုင်းတုန်းကလည်း Apple ရဲ့  App Store အဆင့်သတ်မှတ်ချက်တွေမှာ OpenAI ကို ဦးစားပေးနေတယ်ဆိုပြီး စွပ်စွဲထားပါတယ်။

Apple နဲ့ သဘောတူညီချက်ကြောင့် ChatGPT က App Store မှာ အသာစီးရစေသလို “အခြား AI Chatbot တွေနဲ့ ယှဉ်ရင်လည်း Downloads ပြုလုပ်နှုန်းကို မြှင့်တင်ပေးနေတယ်” လို့ ဖော်ပြထားပါတယ်။

Apple ဘက်က တရားစွဲဆိုမှုကို အကြောင်းပြန်တာမျိုး မရှိသေးပေမဲ့လည်း OpenAI ကတော့​ “ဒါဟာ မတ်စ်ခ်ရဲ့ ဆက်တိုက်ဆိုသလို အနှောင့်အယှက်ပေးနေတဲ့ ပုံစံအတိုင်းသာ ဖြစ်တယ်” ဆိုပြီး တုံ့ပြန်ခဲ့ပါတယ်။

၂၀၂၄ သဘောတူညီချက်အရ Apple ဖောက်သည် သန်းပေါင်းများစွာရဲ့ အချက်အလက်နဲ့ အသုံးပြုတဲ့ပုံစံတွေကို OpenAI က ရယူသုံးစွဲနိုင်တဲ့အလျောက် သူတို့နဲ့ယှဉ်ပြိုင်ဖို့အတွက် ပိုပြီး ခက်ခဲလာစေခဲ့ပါတယ်။

အမေရိကန်မှာ OpenAI က အသိ ဉာဏ်ရည်တုဈေးကွက်ရဲ့ ၈၀ ရာခိုင်နှုန်းလောက်ကို ထိန်းချုပ်ထားနိုင်သလို Apple ကလည်း စမတ်ဖုန်းဈေးကွက်ရဲ့ ၆၅ ရာခိုင်နှုန်း နီးပါးကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် Apple ဟာ အသံနဲ့ထိန်းချုပ်နိုင်တဲ့ အထောက်အကူပြုစနစ် Siri မှာ Google ရဲ့ Gemini ကိုပါ ပေါင်းစပ်အသုံးပြုဖို့အတွက် ဆွေးနွေးခဲ့တယ်ဆိုပြီး မကြာသေးခင်အချိန်က သတင်းထွက်ခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013