Home
မြန်မာသတင်း
မရာလူမျိုးများ၏ ကောက်သစ်စားပွဲကို မယ်ရီလန်းတွင် ပြုလုပ်
DVB
·
August 24, 2025

ချင်းပြည်နယ်၊ မရာ (Mara) လူမျိုးတွေရဲ့ အားကစား၊ ရိုးရာယဉ်ကျေးမှုအဆိုအကနဲ့ ကောက်သစ်စားပွဲကို အမေရိကန်ပြည်ထောင်စု၊ မယ်ရီလန်းပြည်နယ်မှာ ကျင်းပခဲ့ပါတယ်။ 

ချင်းပြည်နယ်၊ မရာ (Mara) လူမျိုးတွေရဲ့ အားကစား၊ ရိုးရာယဉ်ကျေးမှုအဆိုအကနဲ့ ကောက်သစ်စားပွဲကို ဒေသစံတော်ချိန် ဩဂုတ် ၂၃ ရက်မွန်းလွဲပိုင်းက အမေရိကန်ပြည်ထောင်စု၊ မယ်ရီလန်းပြည်နယ်၊ ဘော်လ်တီမိုးမြို့မှာ ကျင်းပခဲ့တာပါ။ 

ပြည်ပကိုရောက်နေပေမဲ့ ရိုးရာအစဉ်အလာတွေကို လူငယ်တွေဆီ လက်ဆင့်ကမ်းပေးနိုင်ဖို့အတွက် မရာလူမျိုးတွေရဲ့ ကောက်သစ်စားပွဲနဲ့ ရိုးရာယဉ်ကျေးမှုအစီအစဉ်တွေကို နှစ်စဉ်ကျင်းပခဲ့တာဖြစ်ပါတယ်။

ဒေါက်တာ ကျော်ဦးလှေချိုက “တနှစ်မှတခါပေါ့နော်၊ ကျနော်တို့ ဒီမှာရှိတဲ့ မရာ မိသားစုတွေအားလုံး စုရုံးပြီးတော့ မိမိရဲ့ယဉ်ကျေးမှုတွေ၊ မိမိတို့ရဲ့ အယူအဆ နဲ့ အနေအထိုင်တွေအားလုံး မျိုးဆက်သစ်လူငယ်တွေလည်းသိရအောင်၊ နောက်ပြီးတော့ တနှစ်လုံးမှာ အလုပ်လုပ်ပြီးတော့ ပင်ပန်းကြတယ်၊ ပွဲတွေလုပ်ပြီးတော့ တယောက်နဲ့တယောက် ချစ်ချင်ခင်ခင်နဲ့ မိတ်သဟာဖွဲ့ပြီးတော့ ကိုယ့်ရဲ့လူမျိုး ကိုယ့်ရဲ့စာပေ ကိုယ့်ယဉ်ကျေးမှုကို ကျနော်တို့ပိုပြီးတော့ ထိန်းသိမ်းလို့ရအောင်၊ ပိုပြီးတော့ ရှင်သန်အောင် အဲဒီရည်ရွယ်ချက်နဲ့ ကျနော်တို့လုပ်ခြင်းဖြစ်ပါတယ်။”

မရာလူမျိုးတွေဟာ ချင်းပြည်နယ်မှာ နေထိုင်သလို မြန်မာနိုင်ငံနဲ့ ကပ်လျက် အိန္ဒိယဘက်ခြမ်းမှာလည်း နေထိုင်ကြတာဖြစ်ပါတယ်။ 

နိုင်ငံနယ်နိမိတ်ခြင်းကွဲသွားပေမဲ့ မရာလူမျိုးတွေအချင်းချင်း စည်းလုံးမှုရှိနေဆဲဖြစ်ပြီး ဒီနှစ်မယ်ရီလန်းပြည်နယ်မှာ ပြုလုပ်တဲ့ကောက်သစ်စားပွဲကို အိိန္ဒယဘက်ခြမ်းမှာနေထိုင်တဲ့ နာမည်ကျော် မရာလူမျိုးအဆိုတော်တွေလည်း တက်ရောက်ခဲ့ပါတယ်။

မောင်ခိုင် (Mara community committee USA) က “ဒီကျနော်တို့ အကိုကြီးဆိုရင် ကျနော်တို့ မရာ Artist Group ရဲ့ ဥက္ကဋ္ဌအနေနဲ့ ဒုတိယသက်တမ်းအနေနဲ့တာဝန်ထမ်းဆောင်နေတဲ့ အဆိုတော်ဖြစ်ပါတယ်။ နောက်ပြီးတော့ ဒီက ညီမကြတော့ သူ့နာမည်က ဂျက်ဆီကာအယ်တို၊ သူက ၂၀၂၁ အိန္ဒိယရော မြန်မာပြည်ရော မရာ Idol ဆုရှင်ပေါ့၊ ဒီညသူတို့ပါဝင်ရခြင်းဟာဆိုရင် ခါတိုင်းနှစ်တွေနဲ့ မတူဘဲနဲ့ အိန္ဒိယရော မြန်မာပြည်ဘက်ကရှိတဲ့ မရာတွေရော အတူတကွ အကုန်လုံးပူးတွဲကျင်းပရခြင်းဖြစ်ပါတယ်လို့ ပြောချင်ပါတယ်” လို့ ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ မြန်မာနိုင်ငံကနေ ပြောင်းရွှေ့အခြေချလာတဲ့ ချင်းတိုင်းရင်းသား သိန်းနဲ့ချီရှိနေနိုင်ပြီး အဲ့ဒီအထဲမှာ မရာလူမျိုးတွေလည်း အပါအဝင်ဖြစ်ပါတယ်။

Mara Community Maryland ဒုဥက္ကဋ္ဌ ဗန်မာန်ဟူး က “ဒီ US မှာဆိုရင် ကျနော်တို့ မရာလူမျိုး ၃ ထောင်ဝန်းကျင်ရှိတယ်။ ပြည်နယ် ၈ ခုမှာရှိတယ်၊ ဒီမယ်ရီလန်းမှာကတော့ ၇၀၀ ဝန်းကျင်လောက်ရှိပါတယ်” လို့ ပြောပါတယ်။  

မြန်မာနိုင်ငံမှာ ချင်းပြည်နယ်ဟာ ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံး ပြည်နယ်ဖြစ်ခဲ့ပြီး ဒေသခံတိုင်းရင်းသားတွေဟာ ပြည်ပကို ထွက်ခွာခြင်းအားဖြင့် ပညာရေးနဲ့လူမှုစီးပွားဖွံ့ဖြိုးရေးကို ရှာဖွေခဲ့ကြတာပါ။ ပြည်ပကို အကြောင်းအမျိုးမျိုးကြောင့် ရောက်နေကြပေမဲ့ ရိုးရာယဉ်ကျေးမှုတွေကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ လူမျိုးစုအသီးသီးက ကြိုးစားနေကြတာဖြစ်ပါတယ်။

သုတချမ်းသာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013