Home
မြန်မာသတင်း
သယ်ယူခွင့်ပိတ်ထားသဖြင့် မိုးကုတ်တွင် ဆေးဝါးပြတ်လပ်လာ
DVB
·
August 23, 2025

မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို စစ်ကောင်စီတပ်က ဆေးဝါးသယ်ယူခွင့်ပိတ်ထားတာကြောင့် ဆီးချို၊ သွေးတိုးကျဆေးအပါဝင် ကိုယ်ဝန်ဆောင်အားဆေးတွေ ပြတ်လပ်လာနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မန္တလေးမြို့ကနေ မိုးကုတ်မြို့ကိုတက်တဲ့လမ်းမှာ  စစ်ကောင်စီတပ်က စစ်ဆေးပြီး ဆေးဝါးတွေ ပေးမသယ်ဘူးလို့ ဆိုပါတယ်။

မြို့ခံတယောက်က “ခုက မန္တလေးကနေမိုးကုတ်ကို လမ်းတလမ်းပဲ သွားလို့ရတာ။ အဲဒီလမ်းက စစ်ကိုင်းတံတားမှာ ဆေးတွေစစ်တယ်၊ စစ်လို့မိရင်မလွယ်ဘူး။ ဆေးအပြင် လျှပ်စစ်ပစ္စည်းလည်း ပေးမသယ်ဘူး” လို့ ပြောပါတယ်။

အခြေခံဆေးဝါးနဲ့ လျှပ်စစ်ပစ္စည်းတွေပေးမသယ်တာကြောင့် မိုးကုတ်မြို့ထဲမှာ လက်ကျန်ရှိနေတဲ့ ဆေးတွေကိုပဲ ရောင်းချ​နေရပြီး ဆေးအသစ်မဝင်တာကြောင့် ဆီးချိုဆေး၊ သွေးတိုးကျဆေးအပါအဝင် ကိုယ်ဝန်ဆောင်အားဆေးတွေပါ ပြတ်လပ်​နေတာလို့သိရပါတယ်။

မိုးကုတ်ဒေသခံကိုယ်ဝန်ဆောင်တယောက်က “ကိုယ်ဝန်ဆောင်အားဆေး တမြို့လုံး ဘယ်မှာမှ ရှာဝယ်လို့မရဘူး၊ တခြားမြို့ကမှာရင်လည်း မှာရခက်နေတယ်၊ စစ်ကောင်စီဘက်က ပေးမသယ်တော့ ကားဆရာတွေလည်း မသယ်ပေးရဲကြဘူး။ အရေးကြီး သွေးကျဆေးတွေရောဝယ်လို့မရဘူး” လို့ ပြောပါတယ်။

မိုးကုတ်မြို့ထဲကို သွားလာလို့ရတဲ့ မန္တလေး-မိုးကုတ်လမ်းက ဇက်ဆိပ်တွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အပြင် မိုးကုတ်-ပြင်ဦးလွင်လမ်းမှာလည်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာကြောင့် ကွင်းလမ်းတခုတည်းကပဲ ပတ်သွားနေရတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024