
ဧရာဝတီတိုင်း၊ ငပုတောနဲ့ သာပေါင်းမြို့နယ်တို့မှာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း မိုးများပြီး ရေကြီးနစ်မြုပ်မှုကြောင့် စပါးဧကထောင်ချီ ရေမြုပ်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ဒုတိယအပတ်နဲ့ တတိယအပတ်က ရေကြီးနစ်မှုကြောင့် အခုနှစ် တောင်သူတွေ စိုက်ပျိုးထားတဲ့ သာပေါင်းမြို့နယ်က စပါးဧက ၆၀၀ ကျော်နဲ့ ငပုတောမြို့နယ်က စပါးဧက ၉၀၀ ကျော် ရေနစ်မြုပ် ပျက်စီးခဲ့တာလို့ သိရပါတယ်။
သာပေါင်းမြို့နယ်ဒေသခံ တောင်သူတယောက်က “ရေနစ်မြုပ်မှု ဖြစ်ပေါ်နေတာက နှစ်ပတ်ကျော်ကျော်လောက်အထိ ကြာတော့ အကုန် ပုပ်ပွ ပျက်စီးကုန်တာ။ နွေစပါးဈေးက ထိုးကျနေတဲ့အထဲ အခုလို ရေမြုပ်တော့ ဒုက္ခရောက်တာပေါ့” လို့ ပြောပါတယ်။
လပွတ္တာနဲ့ သာပေါင်းမြို့နယ်က ဒေသခံ တောင်သူတွေဟာ စပါးခင်းတွေ ရေနစ်မြုပ် ပျက်စီးခဲ့ပေမဲ့လည်း ငွေကြေးအရင်းအနှီး အခက်အခဲကြောင့် သြဂုတ် ဒုတိယအပတ်အထိ အစားထိုး ပြန်လည်မစိုက်ပျိုးနိုင်သေးဘူးလို့ ဒေသခံ တောင်သူတွေဆီက သိရပါတယ်။
ငပုတောမြို့နယ် ဒေသခံတယောက်က “ဒီဘက်မှာ ပျက်စီးသွားတဲ့ စပါးတွေဆို ကောက်ဦးစပါးတွေပါ။ လာမယ့် စက်တင်ဘာလဆန်းလောက်ဆို ရိတ်သိမ်းရတော့မှာ။ သဘာဝဘေးဆိုတော့ ဘာမှကို မလုပ်တတ်တော့လို့ ငုတ်တုတ်ကို ထိုင်ကြည့်နေရတာ။ တော်တော်နှာမျောမိတာ” လို့ ပြောပါတယ်။
စစ်ကောင်စီက သဘာဝဘေးကြောင့် စပါးခင်းတွေ ပျက်စီးတဲ့ ဒေသခံတောင်သူတွေကို မကူညီတဲ့အပြင် NLD ပါတီလက်ထက်က ဘဏ်ချေးငွေ အကြွေးကျန်တွေကို ဖိအားပေး တောင်းယူနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “အခုနှစ် စိုက်ထားတဲ့ မိုးစပါးခင်းတွေ ရေနစ်မြုပ်မှု ရှိခဲ့တာပါ။ ပျက်စီးမှု အခြေအနေကို တောင်သူတွေက မြေပြင်အုပ်ချုပ်ရေးအဖွဲ့ကို တင်ပြထားပေမဲ့ အကြောင်းမထူးသေးဘူး” လို့ ပြောပါတယ်။
ငပုတောနဲ့ သာပေါင်းမြို့နယ်မှာ ၂၀၂၄ ခုနှစ် မိုးသီးနှံ စိုက်ပျိုးရာသီကလည်း စပါးပင်တွေ ရွှေခရုကိုက်ဖျက်တာ၊ စပါးရွက်ဖျက်ပိုး ကျတာတွေ ဖြစ်ပေါ်ပြီး ပျက်စီးဆုံးရှုံးခဲ့သေးတယ်လို့ ဒေသခံ တောင်သူတွေဆီက သိရပါတယ်။
ဒါ့အပြင် အခုနှစ် နွေစပါး စိုက်ပျိုးရာသီမှာလည်း စပါးတွေ အထွက်နှုန်းကောင်းစေဖို့၊ ပိုးမွှားအန္တရာယ် မကျရောက်စေဖို့ သုံးနေကျ ပိုးသတ်ဆေးတွေ၊ မြေသြဇာတွေ အပြည့်အဝ မသုံးစွဲနိုင်တာနဲ့ အချိန်အခါမဟုတ် မိုးဒဏ်ကြောင့် စပါးခင်းတွေ ပျက်စီးခဲ့သေးတယ်လို့ သိရပါတယ်။