
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်က ကြက်သွန်ကွင်းဂိတ်မှာ စစ်ကောင်စီတပ်နဲ့ ရဲတွေက ကုန်တင်ကား ၄ စီးနဲ့ ကားသမားတွေကို ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ ရဲတွေက သြဂုတ် ၁၄ ရက် ညနေပိုင်းက သာပေါင်းမြို့နယ်က စစ်ကောင်စီရဲ့ ကြက်သွန်ကွင်း စစ်ဆေးရေးဂိတ်မှာ အရပ်သားတွေရဲ့ ကုန်စည်တင်ကား ၄ စီးကို တရားမဝင်ကုန်စည်တွေ တင်လာတယ်လို့ စွပ်စွဲဖမ်းဆီးထားတာလို့ သိရပါတယ်။
ဖြစ်စဉ်ကိုသိရှိတဲ့ သာပေါင်းဒေသခံတယောက်က “ပုံမှန် သယ်ယူပို့ဆောင်နေတဲ့ ကုန်စည်ယာဉ်တွေ ဆိုတော့ သိတယ်လေ။ မနေ့ ညနေပိုင်းက အဖမ်းခံရတာ။ တပ်နဲ့ ရဲက ဖမ်းတာ။ တရားမဝင် ကုန်စည်တွေ သယ်လာတယ်လို့ စွပ်စွဲပြီး ဖမ်းတာပါ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ ရဲတွေက ဖမ်းဆီးခဲ့တဲ့ ကုန်တင်ယာဉ်တွေထဲမှာ ဆန်တွေ၊ ခေါက်ဆွဲခြောက်တွေ၊ စက်သုံးဆီ၊ စားအုန်းဆီနဲ့ အဝတ်အထည်တချို့ဖြစ်တယ်လို့ သိရပါတယ်။
သာပေါင်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “ပုသိမ်ကနေ ကုန်တွေယူပြီး ပြန်လာတဲ့ ကုန်ကားတွေလို့ သိရပါတယ်။ အခု အဖမ်းခံရတဲ့ဂိတ်က ကုန်ပစ္စည်းတွေ လုယက်ယူဆောင်မှုနဲ့ ကျော်ဇောတဲ့ဂိတ်ပေါ့။ လူတွေပါ အဖမ်းခံထားရတာ ဟုတ်တယ်” လို့ ပြောပါတယ်။
အဲဒီ စစ်ကောင်စီတပ်ရဲ့ ကြက်သွန်ကွင်း စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်သား ၇ ယောက် ၈ ယောက်နဲ့ ရဲတပ်ဖွဲ့ဝင် ၄ ယောက် ၅ ယောက်လောက်က စောင့်ပြီး အရပ်သားတွေရဲ့ ကားတွေ၊ ဆိုင်ကယ်တွေကို လုံခြုံရေးအရ စစ်ဆေးတယ်ဆိုကာ စစ်ဆေးဖမ်းဆီးနေတာလို့ သိရပါတယ်။
ဒါ့အပြင် စစ်ဆေးရေးဂိတ်မှာ စစ်ဆေးနေတဲ့ စစ်ကောင်စီတပ်နဲ့ ရဲတွေဟာ ညနေဘက်တိုင်း အရက်မူးနေကြပြီး အရပ်သားတွေရဲ့ ကုန်ကားတွေအပြင် ဆိုင်ကယ်တွေပါ သိမ်းယူကာ ကြမ်းကြမ်းတမ်းတမ်း ဆဲဆိုနေတာလို့ ဒေသခံတွေက ဆိုပါတယ်။