Home
အထွေထွေ
သာပေါင်း ကြက်သွန်ကွင်းဂိတ်တွင် စစ်သားများက ကုန်ပစ္စည်းများ လုယက်သိမ်းယူနေ
DVB
·
July 19, 2025
Photo: NN

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်က ကြက်သွန်ကွင်းဂိတ်မှာ စစ်ကောင်စီတပ်နဲ့ ရဲတွေက အရပ်သားတွေဝယ်ယူလာတဲ့ ကုန်ပစ္စည်းတွေကို လုယက်ယူဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ ရဲတွေက ဇူလိုင် ၁၅ ရက် ညနေပိုင်းက စတင်ပြီး သာပေါင်းမြို့နယ်က စစ်ကောင်စီ ကြက်သွန်ကွင်း စစ်ဆေးရေးဂိတ်မှာ အရပ်သားတွေ ဝယ်ယူလာတဲ့ ကုန်စည်တွေကို တရားမဝင် ကုန်စည်တွေလို့ ပြောဆိုကာ လုယက်ယူဆောင်နေတာလို့ ဆိုပါတယ်။

ဒေသခံတယောက်က “ဂိတ်မှာစောင့်နေတဲ့ စကစတပ်နဲ့ ရဲတွေက သိမ်းယူတာ။ ကုန်ကားတွေကို ဖမ်းပြီး ပစ္စည်းတွေကို အကုန်သယ်ယူတာ။ တရားမဝင်ကုန်စည်ဆိုပြီး ယူတာ။ သိမ်းခံရတာက ဆန်တွေ၊ ခေါက်ဆွဲခြောက်တွေ၊ တခြားစားသောက်ကုန်တွေပါ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ရဲတွေက လုယက်ယူဆောင်တဲ့ ကုန်စည်ပစ္စည်းတွေဟာ ဆေးဝါးတွေ၊ စက်သုံးဆီတွေ၊ ဆန်တွေ၊ အဝတ်အထည် အနည်းငယ်နဲ့ စားသောက်ကုန်တွေဖြစ်တယ်လို့ ဆိုပါတယ်။

သာပေါင်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “ဟုတ်တယ်၊ ပေါ်တင်သိမ်းယူနေတာ။ အဓိက က တိုက်ပွဲရှိတဲ့ဘက် ကုန်စည်ရောက်မှာ စိုးတာဖြစ်မယ်။ လုယက်ယူတာဖြစ်ဖြစ်၊ အသိမ်းခံရတာဖြစ်ဖြစ် ခံရတာက အရပ်သားတွေရဲ့ ပစ္စည်းတွေပါ” လို့ ပြောပါတယ်။

အဲဒီ စစ်ကောင်စီတပ်ရဲ့ ကြက်သွန်ကွင်း စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်သား ၇ ယောက်နဲ့ ရဲတပ်ဖွဲ့ဝင် ၄ ယောက်လောက်ကစောင့်ပြီး အရပ်သားတွေရဲ့ ပစ္စည်းတွေကို သိမ်းယူနေတာဖြစ်ပြီး ညနေဘက်မှာ အရက်မူးမူးပြီး ပိုမို စစ်ဆေးကြမ်းတယ်လို့ ဆိုပါတယ်။

သာပေါင်းမြို့နယ်မှာ ပြီးခဲ့တဲ့ မေလ တတိယအပတ်က စတင်ကာ ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ကျေးရွာတွေဘက်ကို ကုန်စည်သယ်ယူတဲ့ယာဉ်တွေနဲ့ လူတွေကို စစ်ကောင်စီတပ်နဲ့ ရဲတွေက တင်းတင်းကျပ်ကျပ် စစ်ဆေးနေတာလို့ ဒေသခံတွေက ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013