
ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်မှာ စစ်မှုထမ်း လူစုဆောင်းမပေးနိုင်တဲ့ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ၁၈ ယောက်ကို အစစ်ဆေးခံဖို့ စစ်ကောင်စီရဲ့ မြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က ခြိမ်းခြောက် ဆင့်ခေါ်ထားတယ်လို့ အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
စစ်မှုထမ်းအပတ်စဉ် ၁၆ အတွက် စစ်မှုထမ်းလူသစ် စုဆောင်းမပေးနိုင်တဲ့ ငပုတောမြို့နယ်ထဲက ရပ်ကွက် ၃ ခုက အုပ်ချုပ်ရေးမှူး ၃ ယောက်နဲ့ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ၁၅ ယောက်ကို စစ်မှုထမ်းတယောက်စီ တပါတည်းခေါ်လာပြီး သြဂုတ် ၁၃ ရက်မှာ မပျက်မကွက် လာရောက်အစစ်ဆေးခံဖို့ ခြိမ်းခြောက်စာပို့ ဆင့်ခေါ် ထားတယ်လို့ သိရပါတယ်။
အုပ်ချုပ်ရေးမှူးတွေနဲ့ နီးစပ်သူက “စုဆောင်းမပေးနိုင်တဲ့ အုပ်ချုပ်ရေးမှူးတွေ မနည်းတော့ဘူး။ လူတယောက် တခါတည်းခေါ်လာပြီး လာပို့ပေး အခေါ်ခံရတာ။ သြဂုတ် ၁၁ ရက်နေ့က စာပို့ထားတာ။ ၁၃ ရက်နေ့ကို မပျက်မကွက် မြို့နယ်ရုံးကို သွားရမှာ။ ပျက်ကွက်ရင် အရေးယူခံရမယ်။ လူစုမပေးနိုင်ရင်လည်း အရေးယူခံရမှာ” လို့ ပြောပါတယ်။
ဆင့်ခေါ်ခံရတဲ့ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေဟာ အမှတ် ၂ ရပ်ကွက်၊ ကန်ချောင်းကျေးရွာအုပ်စု၊ အုတ်ပုံရေကျော် ကျေးရွာအုပ်စု၊ ကမ်းနီကျေးရွာအုပ်စု၊ ငါးရန့်ချောင်းကျေးရွာအုပ်စု၊ ဇီဖြူဆိပ်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာအုပ်စု၊ ကုလားချောင်ကျေးရွာအုပ်စု၊ ရဲခေါင်ကြီးကျေးရွာအုပ်စု၊ ညောင်ဝိုင်းကျေးရွာအုပ်စု၊ ကျုံကူးကျေးရွာအုပ်စု၊ ကျောက်ချောင်းကျေးရွာအုပ်စု၊ စမ်းကြီးကျေးရွာအုပ်စု၊ ဖောင်တိုးကျေးရွာအုပ်စု၊ ကွင်းဘက်ကျေးရွာအုပ်စု၊ ကွေချိုင်ကျေးရွာအုပ်စု၊ စပါးကြီးကျေးရွာအုပ်စုနဲ့ ဟိုင်းကြီး အမှတ် ၁ ရပ်ကွက်၊ ငရုတ်ကောင်းအမှတ် ၁ ရပ်ကွက်တို့ ဖြစ်ပါတယ်။
မြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့နဲ့ နီးစပ်သူက “စစ်ကောင်စီတပ်ပါတဲ့ မြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့က ခေါ်တာပါ။ အုပ်ကြီးတွေက လုပ်ကိုင်ရ ခက်နေပုံရတယ်။ အားလုံး အုပ်ချုပ်ရေးမှူး ၁၈ ယောက်က စစ်မှုထမ်းတွေ တယောက်မှ စုဆောင်းမပေးနိုင်တာ။ ဒီလောက်များတဲ့ အခြေအနေဆိုတော့ သက်သက်လုပ်တာဆိုပြီး အုပ်ချုပ်ရေးမှူးတွေကို အရေးယူမယ့် အခြေအနေရှိတယ်” လို့ ပြောပါတယ်။
အခုဆင့်ခေါ်ခံရတဲ့ အုပ်ချုပ်ရေးမှူးတွေဟာ စစ်မှုထမ်းအပတ်စဉ် ၁၆ တခုတည်း စုဆောင်းမပေးနိုင်တာကြောင့် မြို့နယ် စစ်မှုထမ်းဆင့်ခေါ်တဲ့အဖွဲ့က ဆင့်ခေါ်စာပို့ ခြိမ်းခြောက်ခံရတာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းကလည်း ငပုတောမြို့နယ်မှာ ၂ ကြိမ်အထိ စစ်မှုထမ်း လူစုဆောင်းမပေးနိုင်တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ၃ ယောက်ကို စစ်တပ်က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။