Home
မြန်မာသတင်း
ကရင်နီ စစ်ဘေးရှောင်များအတွက် စက်ချုပ်သင်တန်းပို့ချ
DVB
·
August 22, 2025

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုအနောက်ခြမ်း၊ ဖရူဆိုတို့မှာရှိတဲ့ စစ်ဘေးရှောင် ပြည်သူတွေအတွက် စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ အထောက်အကူဖြစ်စေတဲ့ စက်ချုပ်သင်တန်းကို ၃ လတာ ပို့ချခဲ့တယ်လို့ စစ်ရှောင်အရေး ကူညီပေးနေတဲ့ စစ္စတာ စိမ့်စမ်းရေက ပြောပါတယ်။

စက်ချုပ်သင်တန်းကို ဇွန် ၃ ရက်ကစပြီး သြဂုတ် ၂၀ ရက်အထိ ၃ လနီးပါး သင်တန်းပို့ချခဲ့ပြီး သင်တန်းတက်ရောက်သူတွေက စစ်ရှောင်စခန်းတွေက အမျိုးသမီးငယ်တွေဖြစ်ကာ သင်တန်း တက်ရောက်သူ ၁ဝ ယောက်ကို အပ်ချုပ်စက်ပါ အပိုင်ပေးတာဖြစ်တယ်လို့ သိရပါတယ်။

စစ္စတာစိမ့်စမ်းရေက “သူတို့မှာ အလုပ်အကိုင်မရှိတာ မြင်ရတာ များလာတဲ့ခါကျတော့ စိတ်မကောင်းဘူး၊ သူတို့ ဘာမှမတတ်ဘူး။ သူတို့မှာ အရည်အချင်းမရှိဘူးဆိုတာမျိုး မဖြစ်စေချင်ဘူး။ ဘာပဲဖြစ်ဖြစ် သူတို့ အပျိုဘဝနဲ့နေသည်ဖြစ်စေ၊ အိမ်ထောင်ကျသည်ဖြစ်စေ သူတို့အတွက် ဝမ်းတွင်းပညာလေးပေါ့နော်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိစေချင်တယ်။ အဲဒါကို တွေးပြီးတော့ပေါ့။ စက်ချုပ်ကို ကောင်းကောင်းမွန်မွန် တတ်သွားတယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူတတ်တဲ့စိတ်ပေါ့။ နောက်တခုက အားလုံးက စစ်ရှောင်ရတာဆိုတော့ သူတို့နေရာ ပြန်ရောက်တဲ့အခါမှာ သူတို့က သူများကို ပြန်ကူညီပေးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ဖွင့်ဖြစ်တာပါရှင့်” လို့ ပြောပါတယ်။

စက်ချုပ်သင်တန်း တက်ရောက်အောင်မြင်သူတွေအနေနဲ့ တနိုင်တပိုင် စီးပွားရေး လုပ်ကိုင်စားသောက်ဖို့ အဆင်ပြေသလို စစ်ဘေးရှောင်အချင်းချင်းကြား ပြန်လည်ကူညီပံ့ပိုးနိုင်ဖို့အတွက် ရည်ရွယ်ပြီး သင်တန်းပို့ချခဲ့တယ်လို့ သိရပါတယ်။

သင်တန်းအတွက် အဆိုတော် ချမ်းချမ်းနဲ့ တခြားအနယ်နယ်အရပ်ရပ်က အလှူရှင်တွေက ပါဝင်ကူညီပေးခဲ့ပြီး အလှူရှင်တွေ ထပ်ရှာပြီး သင်တန်းတွေ ထပ်ပေးဖို့ရှိတယ်လို့ သိရပါတယ်။

စစ်တပ်က ကရင်နီပြည်နယ်က ဒီးမော့ဆိုအရှေ့ဘက်၊ အနောက်ဘက်ခြမ်းတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်နေတာကြောင့် စစ်ရှောင်ပြည်သူတွေက စိတ်ပိုင်းဆိုင်ရာ ထိခိုက်နေရပြီး စစ်ရှောင်ကာလ ကြာလာတာကြောင့် စားဝတ်နေရေး အခက်အခဲတွေလည်း ကြုံနေရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013