
တောင်ကိုးရီးယားနိုင်ငံတဝန်း သြဂုတ် ၂၀ ရက် နေ့လယ်ပိုင်းက အရပ်ဘက် ကာကွယ်ရေး စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ပြီး ဥသြသံတွေနဲ့ ဘေးလွတ်ရာကို ရွှေ့ပြောင်းခြင်း သတိပေးချက်တွေနဲ့အတူ လေကြောင်းစီးနင်းမှု မြင်ကွင်းကို ပုံဖော်လေ့ကျင့်ခဲ့ပါတယ်။
မိနစ် ၂၀ ကြာ လေ့ကျင့်ခန်းကို ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီမှာ စတင်ခဲ့ပြီး နိုင်ငံတဝန်းမှာ လေကြောင်းတိုက်ခိုက်မှု သတိပေးချက်တွေကို ထုတ်ပြန်ထားကာ အရပ်ဘက်ကာကွယ်ရေးဆိုင်ရာ သတိပေး ဥဩသံတွေလည်း မြည်နေပြီး ဒေသခံတွေဆီ အရေးပေါ်သတိပေးချက်တွေ ပေးပို့ထားပါတယ်။
ဆိုးလ်မြို့တော်ရဲ့ လမ်းတွေပေါ်ရှိ လူတွေကို သတ်မှတ်ထားတဲ့ အရပ်ဘက်ကာကွယ်ရေး ခိုလှုံစခန်းတွေ သို့မဟုတ် မြေအောက် အဆောက်အအုံတွေဆီ သွားဖို့ ညွှန်ကြားထားပါတယ်။
မြေအောက်ရထားဘူတာရုံတစ်ခုမှာ ကယ်ဆယ်သူတွေဟာ မြေအောက်နေရာ တခုမှာပဲ CPR (နှလုံးခုန် အသက်ကယ်နည်း) လုပ်ဆောင်မှုမှာလည်း ပါဝင်ခဲ့ပါတယ်။
ပြည်ထဲရေးနဲ့ ဘေးအန္တရာယ် ကင်းရှင်းရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ အဲဒီလေ့ကျင့်မှုကို တနိုင်ငံလုံး အတိုင်းအတာနဲ့ နေရာပေါင်း ၂၄၆ နေရာမှာ ကြိုတင်ဇာတ်တိုက်ထားခြင်း မရှိဘဲ ပြုလုပ်ခဲ့တာဖြစ်ပြီး တကယ့်အရေးပေါ် အခြေအနေအတွင်း မီးသတ်ကားတွေ ဝင်ရောက် သွားလာဖို့ ခက်ခဲတဲ့ ယာဉ်အသွားအလာများတဲ့ အဓိကလမ်းမကြီးတွေနဲ့ ရိုးရာဈေး နေရာတွေလည်း ပါဝင်ပါတယ်။
လေ့ကျင့်ရေးအတွင်းမှာ ယာဉ်အသွားအလာကို ရပ်ထားခဲ့ပြီး နောက်ဆုံး ဘာအန္တရာယ်မှ မရှိတော့ကြောင်း အသိပေးချက် ထွက်လာချိန် နေ့လယ် ၂ နာရီ ၂၀ မိနစ်မှာ လေ့ကျင့်မှု ပြီးဆုံးခဲ့ပါတယ်။
ဒီအရပ်ဘက်ကာကွယ်ရေး လေ့ကျင့်မှုဟာ အူလ်ချီ အရပ်ဘက်ကာကွယ်ရေးလေ့ကျင့်မှုရဲ့ တစိတ်တပိုင်း ဖြစ်ပြီး နိုင်ငံအဆင့် အရေးပေါ်အခြေအနေမှာ နိုင်ငံရဲ့ အဆင်သင့်ဖြစ်နေမှု အနေအထားကို အားကောင်းစေဖို့ ရည်ရွယ် ပြုလုပ်တာ ဖြစ်ပါတယ်။
ဒီရိုးရှင်းတဲ့ လေ့ကျင့်မှုဟာ နေ့စဉ် မတော်တဆမှုတွေနဲ့ အရေးပေါ်အခြေအနေတွေအတွက် ပိုပြီး သတိရှိဖို့ အခွင့်အရေးပေးတာကြောင့် ဒီလိုလေ့ကျင့်ခန်းမျိုးက အသုံးဝင်တယ်လို့ ထင်မြင်ကြောင်း အသက် ၂၆ နှစ်အရွယ် ဟယို အွန်းဂျုံး က ပြောပါတယ်။
Source: Reuters