
မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်းမြို့မှာ ဒုစရိုက်မှုတွေ နေ့စဉ်နီးပါးဖြစ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ယန္တရားအောက်မှာရှိတဲ့ တန့်ယန်းမြို့ရဲ့ စည်ပင်နယ်နိမိတ်အတွင်းက ရပ်ကွက်တွေမှာ လွန်ခဲ့တဲ့နှစ်တွေကစလို့ ခိုး၊ ဆိုး၊ လု၊ မူးယစ်းဆေးဝါးမှု၊ ဓါးပြမှုနဲ့ ဒုစရိုက်မှုတွေ ဟာ နေ့စဉ်နီးပါးဖြစ်နေတယ်လို့ မြိုခံတွေက DVB ကို ပြောပါတယ်။
လက်ရှိ တန့်ယန်းမြို့ကို အာဏာစစ်ကောင်စီတပ်နဲ့ လက်အောက်ခံ ဌာနဆိုင်ရာတွေက အုပ်ချုပ်ထားပါတယ်။
ဒါ့အပြင် နယ်ခံ ရှမ်းပြည်တပ်မတော် (SSPP/SSA) ရှမ်းတပ်၊ UWSA ‘၀’ တပ်ဖွဲ့နဲ့ စစ်တပ်လက်အောက်ခံ ဌာနေပြည်သူ့စစ်တပ်ဖွဲ့တွေကလည်း နယ်မြေအပိုင်းအခြားအလိုက် ထိန်းချုပ်ထားကြတာပါ။
အဲဒီ လက်နက်ကိုင်တပ်ဖွဲ့တွေကြားမှာပဲ တန့်ယန်းမြို့မှာ ဒုစရိုက်မှုတွေ များပြားနေတာလို့ မြို့ခံတယောက်က ဆိုပါတယ်။
မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့နဲ့ တော်လှန်ရေးအင်အားစုတွေ ၂၀၂၃ အောက်တိုဘာမှာ ပူးတွဲဖော်ဆောင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း UWSA ‘၀’ တပ်ဖွဲ့ဟာ လားရှိုးမြို့နဲ့ တန့်ယန်းမြို့ထဲကို စစ်အင်အား အလုံးအရင်းနဲ့ ဝင်လာပြီး တပ်စွဲထားတာဆိုရင် တစ်နှစ်ဝန်းကျင်ရှိပြီဖြစ်ပါတယ်။
တန့်ယန်းမြို့ခံ ပြည်သူလူထုတွေကတော့ မြို့ပြ၊ ရပ်ကွက်နဲ့ ကျေးရွာမကျန် ဒုစရိုက်မှု ပပျောက်ရေးကို လိုလားနေကြပါတယ်။