
နော်ဝေအိမ်ရှေ့မင်းသားရဲ့ မွေးစားသားဟာ လာမယ့်နှစ်မှာ မုဒိမ်းမှုနဲ့ ရုံးတင်စစ်ဆေးခံရမှာ ဖြစ်ပေမဲ့ တော်ဝင်မိသားစုကတော့ တရားဝင်တာဝန်တွေကို ဆက်လက်ထမ်းဆောင်သွားမှာ ဖြစ်ကြောင်း အိမ်ရှေ့မင်းသား ဟိုကွန်းန်က သြဂုတ် ၁၉ ရက်မှာ ပြောကြားလိုက်ပြီး ဒါဟာ ပတ်သက်သမျှ လူတိုင်းအတွက် စိန်ခေါ်မှုတွေ ကြုံရတဲ့ကာလဖြစ်ကြောင်းလည်း ဆိုပါတယ်။
အမှုရဲ့ရလဒ်ကို နော်ဝေးတရားရုံးတွေက ဆုံးဖြတ်မှာဖြစ်တယ်လို့ အိမ်ရှေ့မင်းသား ဟိုကွန်းန် က အင်္ဂါနေ့မှာ စက်မှုလုပ်ငန်းညီလာခံဖွင့်ပွဲကို တက်ရောက်ချိန်မှာ သတင်းထောက်တွေကို ပြောပါတယ်။
နော်ဝေ အိမ်ရှေ့မင်းသမီး မက်တယ် မာရစ်တ်ရဲ့ သားဖြစ်ပြီး အိမ်ရှေ့မင်းသားရဲ့ မွေးစားသားဖြစ်တဲ့ အသက် ၂၈ နှစ်ရှိ မာရီးယပ်စ် ဘို့ဂ် ဟွီဘီဟာ အမျိုးသမီး ၄ ယောက်ကို မုဒိမ်းကျင့်မှုအပြင် အိမ်တွင်းအကြမ်းဖက်မှုနဲ့ ကိုယ်ထိလက်ရောက် ကျူးလွန်မှုတို့ အပါအဝင် ပြစ်မှု ၃၂ မှုနဲ့ သြဂုတ်လ ၁၈ ရက်မှာ တရားစွဲဆိုခံခဲ့ရပါတယ်။
ဟွီဘီ ဟာ မုဒိမ်းမှုနဲ့ အိမ်တွင်းအကြမ်းဖက်မှု အပါအဝင် သူ့အပေါ် အပြင်းထန်ဆုံး စွပ်စွဲချက်တွေကို ငြင်းဆိုထားပေမဲ့ ရုံးချိန်းစတင်ချိန်မှာတော့ တရားရုံးမှာ အပြစ်ပိုပေါ့တဲ့ စွဲချက်တချို့ကိုတော့ အပြစ်ရှိကြောင်း ဝန်ခံဖို့ စီစဉ်ထားတယ်လို့ သူ့ရဲ့ရှေ့နေက တနင်္လာနေ့မှာ ရိုက်တာကို ပြောပါတယ်။
ဇန်န၀ါရီလမှာ စတင်ပြီး သီတင်း ၆ ပတ်လောက် ကြာမြင့်နိုင်တဲ့ တရားခွင်မှာ အပြင်းထန်ဆုံးသော စွဲချက်နဲ့ အပြစ်ရှိကြောင်း တွေ့ရှိရရင် ထောင်ဒဏ် ၁၀ နှစ်အထိ ကျခံရနိုင်တယ်လို့ အမှုလိုက်ရှေ့နေက ပြောပါတယ်။
ဒီစုံစမ်းစစ်ဆေးမှုကို ပြီးခဲ့တဲ့နှစ် သြဂုတ်လမှာ စတင်ခဲ့ပြီး ဟွီဘီ ဟာ သူနဲ့ပေါင်းသင်းဆက်ဆံဖူးတဲ့ အမျိုးသမီး တယောက်ကို ကိုယ်ထိလက်ရောက် စော်ကားမှုမှာ သံသယရှိသူအဖြစ် ရဲက အမည်ဖော်ထုတ်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီအချိန်က မီဒီယာထုတ်ပြန်ချက်တွေထဲမှာ ဟွီဘီ ဟာ ကိုကင်းနဲ့ အရက်ကို သောက်စားမူးယစ်နေချိန်မှာ အမျိုးသမီးကို ခန္ဓာကိုယ်ပိုင်း ထိခိုက်နာကျင်အောင် လုပ်ခဲ့ကြောင်း ဝန်ခံခဲ့ပြီး သူ့လုပ်ရပ်အတွက် နောင်တရကြောင်းလည်း ပြောကြားခဲ့ပါတယ်။
Source: Reuters