Home
ဆောင်းပါး
ဘဝချင်းမတူတဲ့ တိုင်းပြည်
DVB
·
July 17, 2025

(၁)

မနေ့တ‌နေ့တုန်းက မိတ်ဆွေ နိုင်ငံရေးအကျဉ်းသား‌ဟောင်းတယောက် ကျနော့်ဆီ လာလည်ပါတယ်။ သူနဲ့ ကျနော် ၂ နာရီလောက် စကားပြောဖြစ်သွားပါတယ်။ မိတ်ဆွေဖြစ်သူက ထောင်ထဲမှာ နေခဲ့၊ ထိုင်ခဲ့ရတဲ့ ခက်ခဲကြမ်းတမ်းလှတဲ့ အတွေ့အကြုံတွေ၊ ထောင်မှူး အပါအဝင် ထောင်ဝန်ထမ်း အားလုံးတို့ရဲ့ မယုံကြည်နိုင်လောက်အောင် ဖိနှိပ်ရက်စက်မှု အဂတိလိုက်စားမှုတွေကို ကျနော် ကြားခဲ့ရပါတယ်။ 

သူ ပြောပြတာ‌တွေကို နား‌ထောင်ရင်း ကျနော့်မှာ အံ့သြလို့မဆုံး ဖြစ်ရတဲ့အပြင် ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းတဲ့ ထောင်တွင်း ဖိနှိပ်ရက်စက်မှုတွေကိုလည်း ကြားလိုက်ရပါတယ်။ အဲဒီအချိန် ထောင်တွင်းအတွေ့အကြုံတွေ ပြောပြနေတဲ့ မိတ်ဆွေရဲ့စကားကို နားထောင်ရင်း ကျနော့်စိတ်က တနေရာကို ခဏခဏရောက်နေပါတယ်။

ပြီးတော့ တရက် နှစ်ရက်အကျော် တမနက်ခင်းမှာပဲ ရွှေညဝါဆရာတော်ဘုရားနဲ့ စာရေးဆရာ မောင်သာချိုတို့ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားကြရတဲ့သတင်း ဖတ်ရပြန်ပါတယ်။ ဆရာတော်ဘုရားနဲ့ မောင်သာချိုတို့ဟာ အကျဉ်းထောင်ထဲမှာ ကြုံခဲ့ရတဲ့ နှိပ်စက်ညှဉ်းပန်းခံရမှုတွေကြောင့် ရောဂါရ ကျန်းမာရေး ချွတ်ယွင်းတိမ်းပါးကြရတာ ဖြစ်တယ်လို့ အားလုံးက ယူဆကြပါတယ်။

ဒီနေရာမှာ  ကျနော့်ဘဝ အတွေ့အကြုံတခုကို ပြောပြချင်ပါတယ်။

၁၉၉၅ ခုနှစ်တုန်းက  ကမ္ဘာ့မြောက်ဝင်ရိုးစွန်းနဲ့ အနီးဆုံး နော်ဝေနိုင်ငံမှာ ၃ နှစ်ကျော် ၄ နှစ်နီးပါး နေခဲ့ဖူးတယ်။

တနေ့မှာ ကျနော်နဲ့အတူ မိတ်ဆွေမြန်မာ ၄ ယောက်၊ နော်ဝေနိုင်ငံမှာ အမြဲတမ်း နေထိုင်ခွင့် လျှောက်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ 

ပထမ အမြဲတမ်းနေထိုင်ခွင့် လျှောက်တဲ့သူတွေကို အခမဲ့ကူညီပေးနေတဲ့ ရှေ့နေတဦးဆီ သွားတွေ့ကြပါတယ်။ ရှေ့နေက ကျနော်တို့ကို တယောက်ချင်းစီ ကိုယ်ရေးရာဇဝင်တွေ မေးပါတယ်။ ကွန်ပျူတာနဲ့ ရေးမှတ်ပါတယ်။ တယောက်ချင်းစီရဲ့ ဖိုင်တွဲတွေမှာ ဓာတ်ပုံတွေ ကပ်ရပါတယ်။ ပြီးတော့မှ ရှေ့နေရဲ့ ထောက်ခံချက်တွေ ထပ်ကပ်ပါတယ်။ ပြီးတော့မှ မြို့တော် အော်စလိုလေဆိပ်ထဲက ရဲစခန်းကိုသွားပြီး လျှောက်လွှာတင်ကြဖို့ ကျနော်တို့ရဲ့ နိုင်ငံကူးစာအုပ်ကအစ လျှောက်လွှာတွေနဲ့ တွဲပေးလိုက်ပါတယ်။ 

အော်စလိုလေဆိပ် ရဲစခန်းထဲ ရောက်တော့ ကျနော်တို့အထဲက တယောက်က အားလုံးကိုယ်စား တယောက်ချင်းစီရဲ့ စာရွက်စာတမ်းတွေ ၅ ပုံ ပုံပြီး တင်ပေးလိုက်ပါတယ်။

ရဲတယောက်က ကောင်တာမှာ လာရပ်ပြီး “ဘာကိစ္စရှိလို့လဲ”လို့ မေးပါတယ်။ ကျနော်တို့အထဲက တယောက်က “ငါတို့ အမြဲတမ်းနေထိုင်ခွင့် လျှောက်ချင်လို့ပါ”ဆိုပြီး ပြန်ဖြေလိုက်တော့ ရဲလုပ်သူက အံ့ဩသလို ကျနော်တို့ကို ကြည့်ပါတယ်။ ပြီးတော့ ကောင်တာပေါ် တင်ထားတဲ့ နိုင်ငံကူးစာအုပ်တွေကို တအုပ်ချင်းစီ ယူကြည့်ပါတယ်။ နိုင်ငံကူးစာအုပ်တွေ တခုချင်း ကြည့်ပြီးတဲ့အခါ “ဟာ မင်းတို့ ဘယ်လျှောက်လို့ရမလဲ အကုန်လုံးနိုင်ငံကူးစာအုပ်တွေ ရှိနေကြတာပဲဟာ” ဆိုပြီး မဝေခွဲတတ်တဲ့ မျက်နှာနဲ့ ကျနော်တို့ကို ကြည့်ပြန်ပါတယ်။ 

အခုနက အားလုံးကိုယ်စား စာရွက်စာတမ်းတွေ ကောင်တာပေါ် သွားတင်တဲ့ ကျနော်တို့ရဲ့ မိတ်ဆွေက “အဲဒီနိုင်ငံကူးလက်မှတ်တွေက အတုတွေပါ အစစ်တခုမှမပါပါဘူး” လို့ ပြောလိုက်ပါတယ်။ ရဲလုပ်သူက ချက်ချင်းဆိုသလို နိုင်ငံကူးစာအုပ်တွေကို ယူကြည့်ပြန်ပါတယ်။ နောက်ကိုလှည့်ပြီး နောက်ထပ် ရဲတယောက်ကို နော်ဝေလို တစုံတရာ လှမ်းပြောလိုက်ပါတယ်။ ချက်ချင်းဆိုသလို ရဲ သုံး လေးယောက် ကောင်တာဘေး ရောက်လာကြပြီး ကျနော်တို့ကို ပြူးတူးပြဲတဲ့နဲ့လည်း ကြည့်၊ စာရွက်စာတမ်းတွေကိုလည်း ယူကြည့်ကြပါတယ်။ နောက်ထပ် ရဲမေ ၂ ယောက်လည်း ရောက်လာပြန်ပါတယ်။ ရဲတွေ သူတို့အချင်းချင်း စကားတွေ ပြောကြ၊ နိုင်ငံကူးစာအုပ်တွေကို တယောက် တလှည့်ကြည့်ကြ၊ အေးအေးဆေးဆေး တန်းစီထိုင်နေတဲ့ ကျနော်တို့ကို ကြည့်ကြ အကဲခတ်ကြပါတယ်။ နောက်တော့မှ “မင်းတို့ ဒီမှာ ခဏထိုင်ဦး”ဆိုပြီး စာရွက်စာတမ်းအားလုံး နိုင်ငံကူးလက်မှတ်အားလုံးယူပြီး ကျနော်တို့‌ရှေ့မှာ ရဲတယောက် ချန်ပြီး အခန်းတခန်းထဲ ဝင်သွားကြပါတယ်။ ၁၀ မိနစ်လောက် ကြာတော့ ရဲတယောက် မျက်နှာခပ်ပြုံးပြုံးနဲ့ ပြန်ရောက်လာပါတယ်။ ပြီးတော့ ခဏစောင့်ဦးနော် ဆိုပြီး တခြားရဲတွေနဲ့ နော်ဝေလို စကားတွေ အပြန်အလှန်ပြောကြပါတယ်။ ကျနော်တို့ကိုလည်း စူးစမ်းတဲ့အကြည့် ထူးဆန်းတဲ့အကြည့်နဲ့ ကြည့်ကြပြန်ပါတယ်။ 

ကျနော်တို့လည်း မျက်နှာထား ချိုသာလာတဲ့ ရဲကိုတွေ့ပြီး စိတ်နည်းနည်း‌အေးရပါတယ်။ နာရီဝက်လောက်ကြာတော့ ရဲတယောက် ကျနော်တို့အနား ရောက်လာပြီး ကျနော်တို့အားလုံးကို ဧည့်ခန်းတခုထဲ ခေါ်သွားပါတယ်။ 

(၂)

ဧည့်ခန်းက ခါးဝက်လောက်မြင့်တဲ့ တံခါးတွေ အကုန်ဖွင့်ထားတာမို့ လေဆိပ်ထဲကိုလည်း မြင်နေရပါတယ်။ နွေရာသီဖြစ်တာမို့ နေရောင်ခြည်ကလည်း သစ်လွင်နေပါတယ်။ ဧည့်ခန်းထဲ အခန်းထောင့်မှာ စားစရာ အသီးအနှံတွေ တင်ထားပြီး ကျနော်တို့ကို ကြိုက်တာ ယူစားပါလို့လည်း ပြောပါတယ်။

နောက်ထပ် ရဲတယောက် ရောက်လာပြန်ပါတယ်။ “မင်းတို့ကို တယောက်ချင်းစီ စစ်ချက်ယူမယ် ဒီကပဲ စောင့်နေပါ”လို့ ပြောပြီး ရဲနှစ်ယောက်စလုံး အခန်းထဲက ထွက်သွားကြပါတယ်။ ကျနော်တို့လည်း စိတ်တော်တော်စိတ်အေးသွားရပြီး အခန်းထဲက လှပတဲ့ ဆိုဖာထိုင်ခုံတွေမှာ သက်သောင့်သက်သာ ဇိမ်ကျကျ ထိုင်စောင့်ကြပါတယ်။ 

နာရီကိုကြည့်တော့ နေ့လယ် တနာရီကျော်ပါပြီ။ မနက်အစောကြီးကတည်းက ဘာအစားအစာမှ ဟုတ်တိပတ်တိမစားနိုင်ဘဲ အလုပ်တွေ ရှုပ်ခဲ့ကြရတာမို့ ဗိုက်တွေ တော်တော်ဆာနေကြပါပြီ။ ဒါနဲ့ပဲ အပြင်ဘက် လေဆိပ်ထဲက ဈေးဆိုင်တဆိုင်ဆိုင်မှာ တခုခု သွားဝယ်စားကြမယ်ဆိုပြီး အခန်းထဲက ထွက်ဖို့လုပ်ပါတယ်။

အခန်းထဲကထွက်ပြီး ရဲတယောက်ယောက် တွေ့ရင် အကျိုးအကြောင်း ပြောပြဖို့ ခေါင်းတပြူပြူ လုပ်ကြတဲ့အခါ အခန်းတခုထဲက ရဲတယောက် ခပ်မြန်မြန်ထွက်လာပြီး “ဘာလုပ်ကြမလို့လဲ” လို့ မေးပါတယ်။ ကျနော်တို့က အကျိုးအကြောင်း ပြောပြတော့ “ဟာ ဒါဆိုရင် ခင်ဗျားတို့ မသွားပါနဲ့၊ စားစရာယူလာပါ့မယ်” ဆိုပြီး ထွက်သွားပါတယ်။ ကျနော်တို့လည်း ဆိုဖာတွေပေါ် ပြန်ထိုင်စောင့်ကြပါတယ်။ ခဏကြာတော့ ရဲနှစ်ယောက် စားစရာတွေနဲ့အတူ အခန်းထဲ ဝင်လာကြပါတယ်။ သီးနှံမျိုးစုံ၊ ပေါင်မုန့်အတော်များများ၊ ယို သုံးလေးမျိုး၊ နွားနို့ဘူးတွေကို ခန်းမအလယ် လှပ‌ပြောင်လက်တဲ့ စားပွဲအရှည်ပေါ် တင်ပေးပြီး ပြန်ထွက်မယ် လုပ်ပါတယ်။ ကျနော်တို့က ကျသင့်ငွေပေးဖို့လုပ်တော့ ပိုက်ဆံပေးဖို့ မလိုပါဘူး အေးအေးဆေးဆေး စားပါဆိုပြီး ပြန်ထွက်သွားကြပါတယ်။

နောက်ထပ် နာရီဝက်လောက်ရှိတော့ စစ်ချက်ယူဖို့ ကျနော်တို့အထဲက တယောက်ကို ခေါ်သွားပါတယ်။ တနာရီမပြည့်ခင်မှာ နောက်တယောက် ခေါ်ပါတယ်။ ကျနော်က နောက်ဆုံး လိုက်သွားရပါတယ်။ 

အခန်းငယ်တခုထဲက လက်နှိပ်စက်နဲ့ ထိုင်နေတဲ့ ရဲတယောက်ရှေ့မှာ မေးခွန်းတွေ မေးပြီး ကျနော်တို့ ဖြေသမျှ လက်နှိပ်စက်နဲ့ရိုက်ပြီး မှတ်တမ်းယူပါတယ်။ ညနေ ၅ နာရီခွဲကျမှ စစ်ချက်တွေယူလို့ ပြီးပါတယ်။ ကျနော်တို့အားလုံး ရှေ့နေ မှာလိုက်တဲ့အတိုင်း ကိုယ်ယူလာတဲ့ ကိုယ်ရေးအချက်အလက်တွေနဲ့ တထပ်တည်းကျအောင် ဖြေခဲ့ကြပါတယ်။

ညနေ ၆ နာရီ ထိုးခါနီးတော့ ရဲအရာရှိဖြစ်ဟန်တူသူက ရဲ ၂ ယောက် ခြံရံပြီး ရဲစခန်းရှေ့ ရပ်ထားတဲ့ ပေါင်မုန့်တုံး ကားက‌လေးဘေး ကျနော်တို့ကို လိုက်ပို့ပါတယ်။ ကားဘေးရောက်တော့ ကျနော်တို့ရဲ့ ထွက်ဆိုချက်တွေ ဖိုင်တွဲပြီး တယောက်ချင်းစီ ပေးပါတယ်။ ကားဆရာကိုလည်း စာတစောင် သတ်သတ်ပေးပါတယ်။ 

“ကျနော်တို့ဟာ အခုဆိုရင် နော်ဝေနိုင်ငံမှာ အမြဲတမ်းနေထိုင်ခွင့် လျှောက်ထားသူများအတွက် နော်ဝေအစိုးရက လက်ခံ၊ မခံ အဖြေစောင့်ရမယ့် စခန်းတခုကို သွားကြရမှာဖြစ်တဲ့အကြောင်း အဲဒီစခန်းမှာ နေထိုင်ရင်း အဖြေစောင့်ကြရမှာ ဖြစ်ကြောင်း အခု ခေါ်ထားတဲ့ ကားဆရာက လိုက်ပို့ပေးမှာ ဖြစ်ကြောင်း”  စိတ်ရှည်လက်ရှည် ရှင်းပြပါတယ်။ 

“တကယ်တော့ ကျနော်တို့ရဲ့အမှုဟာ တော်တော်ကြီးတဲ့အကြောင်း တခါမှ အခုလို အစုအပြုံလိုက် နိုင်ငံကူးစာအုပ်အတုတွေ အေးအေးဆေးဆေး လာပြခဲ့တာလည်း မကြုံဖူးသေးကြောင်း၊ ဒါပေမဲ့ ခင်ဗျားတို့ရဲ့ ထွက်ဆိုချက်တွေအရ စုံစမ်းစစ်ဆေးတဲ့အခါ သံသယဖြစ်ဖွယ်မရှိ အမှန်အတိုင်းသိရလို့ ကျနော်တို့ရဲ့ လျှောက်ထားမှုကို သက်ဆိုင်ရာဆီ ပို့လိုက်ပြီဖြစ်ကြောင်း အမြဲတမ်း နေထိုင်ခွင့် ရကြပါစေကြောင်း ဆုတောင်းပေးပါတယ်” လို့ နှုတ်ဆက်စကားပြောပါတယ်။ 

ကျနော်တို့အားလုံး ကားပေါ်တက်ပြီးတဲ့အခါကျမှ ၎င်းရဲအရာရှိက ကားတံခါးနားကပ်ပြီး “ဪ… တောင်းပန်စကား ပြောရပါဦးမယ်၊ ခင်ဗျားတို့ကို အချုပ်ခန်းထဲ တရက်တာ ထားလိုက်ရတာ အလုပ်သဘောမို့ တာဝန်အရ လုပ်ခဲ့ရတာမို့ စိတ်မကောင်းကြောင်း ခွင့်လွှတ်ဖို့ တောင်းပန်ပါကြောင်း” ပြောပါတော့တယ်။ ရဲအရာရှိ ပြောလိုက်တဲ့ စကားကြောင့် ကျနော်တို့အားလုံး တယောက်မျက်နှာ တယောက် ကြည့်မိကြပါတယ်။ ရဲအရာရှိ စကားပြောအပြီး ကားလည်း စထွက်ပါတော့တယ်။

ကားထွက်လာပြီး လမ်းပေါ်ရောက်တဲ့အခါ ရဲအရာရှိ ပြောလိုက်တဲ့စကားအပေါ် ကျနော်တို့အားလုံး ပြန်ပြောကြ စဉ်းစားကြပါတယ်။ လက်စသတ်တော့ ကျနော်တို့ တနေ့တာ နေခဲ့တဲ့ ဧည့်ခန်းဟာ အချုပ်ခန်း ဖြစ်နေတာ အားလုံး သဘောပေါက်လာကြရပါတယ်။ မယုံကြည်နိုင်လောက်အောင်လည်း ဖြစ်ကြရပါတယ်။ ဒါကြောင့်မို့လည်း ကျနော်တို့ ဗိုက်ဆာလို့ အပြင်ထွက် တခုခု သွားစားကြမယ်လုပ်တော့ မသွားပါနဲ့ သူတို့ပဲ ကျွေးပါ့မယ်လို့ ပြောတာဖြစ်ကြောင်း သဘောပေါက်ရပါတော့တယ်။ 

သူတို့အချုပ်ခန်းက ကိုယ့်အိမ်ထက် ပိုပြီးသန့်ပြန့်လွတ်လပ်နေတာ အပြန်အလှန်ပြောကြရင်း တပျော်တပါး ကားပေါ် ပါလာခဲ့ကြပါတော့တယ်။

နောင်မှ သိလာရသည်မှာ နော်ဝေနိုင်ငံမှာ လွတ်ရက်စေ့ကာနီး စည်းကမ်းနဲ့အညီ နေထိုင်သူ ထောင်သားတချို့ ကိုယ့်အိမ်ကိုပြန်ပြီး မိသားစုနဲ့အတူ လေးငါးဆယ်ရက် ယာယီနေထိုင်ခွင့်ရတဲ့အကြောင်း၊ ထောင်ထဲမှာ ဖတ်ချင်တဲ့စာအုပ် မှာဖတ်လို့ရကြောင်း အားကစားလုပ်ချင်သူတွေကို လေ့ကျင့်ရေးဆရာ တဦးချင်းစီစဉ်ပေးကြောင်း အခန်းတိုင်းမှာ ရုပ်မြင်သံကြားစက် ထားပေးကြောင်း ကြားလာ သိလာရပါတယ်။ ထွက်ပြေးလွတ်မြောက်သူ မရှိသလောက်ရှားပြီး အကျဉ်းထောင်တချို့ အကျဉ်သားမရှိတော့လို့ ပိတ်ပစ်နေရကြောင်း ကြားခဲ့ရပါတယ်။

ငြိမ်းဝေ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024