
မဇ္ဈိမ နေ့စဉ်သတင်းစာ ထုတ်ဝေဖို့ ပြင်ဆင်ကြတဲ့အခါ ကျနော်က ဆောင်းပါးကဏ္ဍစာတည်း တာဝန်ယူရပါတယ်။ သည်လိုနဲ့ စာမူတောင်းဖို့ စာမူရှာဖို့ စဉ်းစားတဲ့အခါ ကျနော်က အဓိကအားဖြင့် နိုင်ငံရေးလိုအပ်ချက်နဲ့ အနုပညာ ပေါင်းစပ်ထားတဲ့ဆောင်းပါးတွေကို ဖေါ်ပြဖို့ စဉ်းစားခဲ့ပါတယ်။ ဒါနဲ့ပဲ စာမူတောင်းဖို့ စာရေးဆရာစာရင်း ချရေးကြည့်တဲ့အခါ “မောင်သာချို”က ထိပ်ဆုံးက ဖြစ်လာပါတယ်။ ဆူးငှက်၊ ညီပုလေး၊ သန်းစိုးနိုင်၊ ဝင်းထွဋ်ဇော်၊ အစရှိသဖြင့် စာရေးဆရာ အနည်းဆုံး ၁၅ ယောက်လောက် တွေးလို့ရပါတယ်။ ချရေးလိုက်ပါတယ်။ ပြီးတော့မှ အယ်ဒီတာချုပ်လည်းဖြစ် သတင်းစာတိုက်ပိုင်ရှင်လည်းဖြစ်သူဆီ တင်ပြလိုက်ပါတယ်။
တဆက်တည်းဆိုသလို စာမူခ ကျပ် ၃၀,၀၀၀ ပေးဖို့လည်း တောင်းဆိုရပါတယ်။ အဲဒီအချိန်က စာမူခ ၃၀,၀၀၀ ဆိုတာ အမြင့်ဆုံးစာမူခသဘောဗျ။ ဒါလည်း အယ်ဒီတာချုပ်ဆီက သဘောတူညီချက် ရပါတယ်။ ကျနော် တော်တော်ပျော်ရပါတယ်။
ဒီလိုနဲ့ ဆရာမောင်သာချိုဆီဖုန်းဆက် အိမ်အထိသွားတွေ့ပြီး စာမူတောင်းရပါတယ်။ ဒီတုန်းက ကျနော်က ရန်ကုန်ကို ပြန်ရောက်ကာစ ရန်ကုန်မှာ လည်လည်ဝယ်ဝယ် မသွားတတ်သေးတော့ သတင်းစာတိုက်က လုပ်ဖော်ကိုင်ဖက် အယ်ဒီတာလေး နေယွန်းအိမ်နဲ့ အတူသွားရတာပါ။ အဲဒီအချိန်က ဆရာမောင်သာချိုက စာပေဟောပြောပွဲတွေ စတင်ဟောပြောခါစ အရှိန်ရခါစ အချိန်ပါ။
စာမူခကိစ္စ ပြောပြတော့ မောင်သာချိုက သဘောတူပါတယ်။ တပတ် တကြိမ် အပတ်စဉ် စာမူချီးမြှင့်ဖို့လည်း တောင်းဆိုခဲ့ပါတယ်။ ဆရာမောင်သာချိုကလည်း သဘောတူလက်ခံပါတယ်။ ဒီလိုနဲ့ မောင်သာချိုဟာ မဇ္ဈိမနေ့စဉ်သတင်းစာမှာ စတင်ထုတ်ဝေကတည်းက သတင်းစာ ရပ်တဲ့အထိ အပတ်စဉ် ဝင်ရေးခဲ့ပါတယ်။
တကယ်တော့ အဲဒီအချိန်က မောင်သာချိုနဲ့ အချိန်ကြာကြာ ထိုင်စကားပြောရတာမျိုး မရှိနိုင်ခဲ့ပါဘူး။ နေ့စဉ်သတင်းစာဆိုတော့ ကျနော်လည်း တော်တော်အလုပ်များခဲ့ပါတယ်။
ဒါပေမဲ့ မှတ်မှတ်ရရ စာမူခ အချိန်မီ ထုတ်မပေးနိုင်တာနဲ့ပတ်သက်ပြီး သူ့ကို တမင်အချိန်ဆွဲတယ်လို့ ထင်ပါရဲ့၊ ဒီအတိုင်း စာမူခထုတ်တာ အချိန်ကြာရင် ခင်ဗျားတို့သတင်းစာမှာ သူ မရေးတော့ဘူးလို့ ပြောလာပါတယ်။ ဒါနဲ့ပဲ ကျနော်က တောင်းပန်ပြီး ကျနော့်ပိုက်ဆံထဲကပဲ စိုက်ထုတ်ပေး လိုက်ပါတယ်။ သူကတော့ ကျနော် စိုက်ထုတ်ပေးတယ်ဆိုတာ မသိပါဘူး။ နောင်လည်း မောင်သာချိုရဲ့ စာမူခကို မကြာခဏဆိုသလို စိုက်ထုတ်ပေးရတတ်ပါတယ်။
အမှန်က မောင်သာချိုက ကျနော့်ကို ခင်မင်သူဖြစ်တယ်ဆိုတဲ့အသိနဲ့ လကုန်မှ စာမူခထုတ်တာမျိုး မဟုတ်ဘဲ လမ်းကြုံလို့ ဝင်လာပြီး စာမူခ ထုတ်တတ်ပါတယ်။ ကျနော်ကလည်း သူ ရောက်လာတာနဲ့တပြိုင်နက် လုပ်လက်စအလုပ်တွေ ရပ်ပြီး သူ့စာမူစာရင်းလုပ် အယ်ဒီတာချုပ်ထံ စာရင်းသွားတင် လက်မှတ်ထိုးခိုင်းပြီးမှ ဘဏ္ဍာရေးဌာနမှာ စာမူခထုတ်ရတာပါ။ အဲဒီနေ့က ကံဆိုးချင်တော့ အယ်ဒီတာချုပ်က အပြင်ခဏသွားနေတာနဲ့ကြုံတော့ သူ့ခဗျာ စာမူခကို စောင့်ယူရတဲ့သဘော ဖြစ်ခဲ့ပါတယ်။ သူက ရုံးခန်းအပြင်ဘက် ဧည့်ကုလားထိုင်မှာ ထိုင်နေတုန်း ကျနော်ကလည်း သတင်းစာ အချိန်မီ ကိုယ့်တာဝန်ပြီးအောင်လုပ်နေရတာမို့ သူ့ဆီ စကားသွားမပြောနိုင်ခဲ့ပါဘူး။ ဒါနဲ့ပဲ မောင်သာချို စိတ်မကောင်းဖြစ်သွားဟန်တူပါရဲ့။ သူ စိတ်မကောင်းဖြစ်သွားတာကို ရိပ်စားမိပြီး သူ့စာမူခ ကျနော် စိုက်ပေးလိုက်တာပါ။ နောက်တော့လည်း နောက်ထပ် ဘာပြဿနာမှထပ်မဖြစ်တော့ဘဲ အဆင်ပြေခဲ့ပါတယ်။ ဒီကိစ္စကို နောင်မှစဉ်းစားမိတာက ဆရာမောင်သာချိုက သတင်းစာတိုက်ကို ဝင်လာတဲ့အခါ အပြင်မှာ လက်ဖက်ရည် သွားသောက်ကြဖို့ ခေါ်ဖူးပါတယ်။ ကျနော်က တကယ်မအားလို့ လိုက်မသောက်ခဲ့ရတာရယ်၊ စာမူခထုတ်ပေးတာ အဆင်မပြေတာရယ်ကြောင့် သူနဲ့ ကျနော် အနည်းငယ် စိမ်းခဲ့ကြရတာများ ဖြစ်မလားလို့ စဉ်းစားမိပါသေးတယ်။
တကယ်တော့ ကျနော်က သူနဲ့ စကားပြောချင်နေသူပါ။ RFA မှာ ကဗျာအစီစဉ်လွှင့်စဉ်က သူ့ရဲ့ “ပင်လယ်ဝသို့ လှေကလေးနဲ့ထွက်ခဲ့” စာအုပ်ကို အသည်းအသန် အားကိုးခဲ့ရတာပဲ။ အဲဒီစာအုပ်ထဲမှာ ကဗျာတွေအပေါ် မောင်သာချိုရဲ့ နှိုက်ယူတတ်ပုံ ချဉ်းကပ်ပုံ သမိုင်းဆိုင်ရာ အခြေအနေတွေနဲ့ ဟပ်ကြည့် ထပ်ကြည့်ပုံ။ တည့်တည့်ပြောရရင် မောင်သာချိုရဲ့ အဲဒီ “ပင်လယ်ဝသို့ လှေကလေးနဲ့ ထွက်ခဲ့” စာအုပ်ကို ဖတ်ပြီးမှ ကဗျာနဲ့ပတ်သက်တဲ့ တဆင့်တိုးအသိ ကျနော့်မှာ ဘွားခနဲ လင်းပွင့်ရတာပဲ။
ပြီးတော့ အဲဒီစာအုပ်ထဲမှာပဲ ကဗျာဆရာ “ငွေယံဦး” ရဲ့ “ထီးဆောင်းသူများ” ကဗျာအပေါ် ခံစားပြ ဖွင့်ပြ။ ကျနော့်မှာ နှစ်ခါ သုံးခါ ပြန်ပြန်ဖတ်ခဲ့ရတာပဲ။ တပုဒ်လုံး ကျနော် နားလည်ရတယ်။ စီးမျောပါသွား ခံစားလိုက်ရတယ်။ ဒါပေမဲ့ ခေါင်းစဉ်ရဲ့ သင်္ကေတပြုမှုကို ကျနော် မရှင်းဘူး။ ဆရာမောင်သာချိုကလည်း တပုဒ်လုံး ရင်ခွဲပြပြီးမှ အဲဒီ “ထီးဆောင်းသူများ”ခေါင်းစဉ်ကိုကျတော့ လင်းမပြဘူး။ တိုတိုပြောရရင် ကျနော့်ဈာန်ဝင်မှုထဲမှာက ဂျက်(ကွမ်းခြံကုန်း) မရှိဘူး။ မောင်သာချိုရဲ့ စာပေဟောပြောပွဲတွေ မရှိဘူး။ မောင်သာချိုရဲ့ “ပင်လယ်ဝသို့ လှေကလေးနဲ့ ထွက်ခဲ့”စာအုပ်ပဲ ရှိတယ်။ ထပ်ပြောမယ်ဆိုရင် အဲဒီစာအုပ်တအုပ်တည်းနဲ့တင် ပြောစရာတွေ မေးစရာတွေ အများကြီး။ သူနဲ့ အေးအေးဆေးဆေး တွေ့ရတဲ့အခါ အဲဒီ “ပင်လယ်ဝသို့ လှေကလေးနဲ့ထွက်ခဲ့” စာအုပ်ထဲက ကျနော် မရှင်းတာ မသိတာ စောဒကတက်ချင်တာတွေ ပြောမယ် မေးမယ်ပေါ့။ သူဟာ တက္ကသိုလ်မြန်မာစာဌာနက ပညာရှင်ဆရာတပါး ဖြစ်တယ်။ ရန်ကုန်တက္ကသိုလ်ဝင်းထဲက ခေတ်ပေါ်ကဗျာ တပ်မှူးတဦးဆိုလည်း ဟုတ်တယ်။ အမျိုးသားစာပေဆု ကုလားထိုင်မှာ၊ ကျောင်းသုံး မြန်မာကဗျာပြဋ္ဌာန်းချက်တွေထဲမှာ ခေတ်ပေါ်ကဗျာဟာ တူတူတန်တန် ကုလားထိုင်နေရာရဖို့ ကြိုးစားတဲ့အခါ သူ့အသံ သူ့အားမာန် ကျနော် မျှော်ခဲ့မိတာ၊ ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းမှာ ပြုလုပ်တဲ့ ခေတ်ပေါ်ကဗျာစာတမ်းဖတ်ပွဲ တုန်းကလည်း မောင်သာချိုကို အားကိုးတကြီး မျှော်ခဲ့ရတာပဲ။ သူဟာ ကျနော့်အမြင်မှာ ခေတ်ပေါ်ကဗျာကို နားလည်သူ၊ ခေတ်ပေါ်ကဗျာကို ထိုက်တန်တဲ့နေရာအမှန်ကိုသိသူ၊ ခေတ်သစ်တခု မွေးဖွားဖို့အတွက် ခေတ်ပေါ်ကဗျာတွန်းအား သူ ကောင်းကောင်းသိတယ်လို့ ကျနော် ယုံကြည်ခဲ့တာပဲ။
ဒါ့အပြင် ပုဂ္ဂိုလ်အရဆိုရင်လည်း ကျနော် ပြည်တွင်းပြန်ဝင်ကာစ အခမ်းအနားတခုမှာ ခန်းမထဲ ဝင်လာတဲ့ မောင်သာချိုက ကဗျာဆရာ ကွန်စစ်ကောင်းကို ကိုငြိမ်းဝေ ရောက်နေတယ်ဆို ဘယ်မလဲ ဆိုပြီးမေး၊ ကျနော့်ကို တွေ့တော့ ဘေးမှာလာထိုင်ပြီး ရွှင်ရွှင်ပျပျ စကားပြောခဲ့ကြတာပဲလေ။
တကယ်တော့ သူ့ကို “ပင်လယ်ဝသို့ လှေကလေးနဲ့ ထွက်ခဲ့” စာအုပ်ဖတ်ပြီးကတည်းက အခြေအနေပေးမယ်ဆိုရင် သူနဲ့ အချိန်အကြာကြီးထိုင်ပြီး မေးချင် ပြောချင်တာတွေ ဒုနဲ့ဒေး။ ဒါကို ဆရာမောင်သာချို မသိနိုင်ခဲ့ဘူး။’
မဇ္ဈိမသတင်းစာ ရပ်ဆိုင်းသွားတော့ သူနဲ့ ကျနော် မတွေ့ဖြစ်ပြန်ဘူး။ အဲဒီအချိန်ကျတော့ သူကလည်း စာပေဟောပြောပွဲတွေ ဆက်တိုက်သွားရစ ပြုနေပါပြီ။
၂၀၁၅ ခုနှစ် စာဆိုတော်နေ့ ကျနော့်မြို့ကလေးအတွက် စာရေးဆရာ ရှာဖို့ ကျင်းပရေးကော်မတီက အကူအညီတောင်းတော့ ဆရာမောင်သာချိုနဲ့ ဆရာအော်ပီကျယ်ကို ကျနော် ငှားပေးခဲ့ပါတယ်။ ကျနော်ကိုယ်တိုင်ပဲ ကျနော့်မြို့ကလေး ကျွဲပွဲကို ဆရာနှစ်ပါးနဲ့အတူ ကားအတူတူစီးသွားခဲ့ကြတာပါ။
အဲဒီနှစ်က ကျနော်ကလည်း လိုတယ်လို့ ထင်ပါတယ်။ ကားဆိပ်ကဆင်း ဆရာနှစ်ပါးကို လာကြိုတဲ့ စာဆိုတော်နေ့ကျင်းပရေးကော်မတီကို လွှဲပေးပြီး ကျနော်က အိမ်ပြန်သွားခဲ့ပါတယ်။ ညကျတော့ ဆရာမောင်သာချိုက အခေါ်ခိုင်းလို့ဆိုပြီး ကျင်းပရေးကော်မတီက လာခေါ်လို့ ဧည့်ခံကျွေးမွေးတဲ့ အိမ်ကို ကျနော် ရောက်တော့ ဝိုင်းက တော်တော်စည်နေပါပြီ။ ရောက်ရောက်ချင်း ကိုငြိမ်းဝေက သူတို့ကို ပစ်ထားတယ်ဆိုပြီး ကျနော့်ကို အပြစ်တင်ပါတယ်။ ကျနော်က လူတွေများလို့ ဟောပြောချိန်ကျမှလာမယ်ဆိုပြီး အိမ်မှာ ပြန်နားနေတာပါလို့ပြောတော့ ဆရာမောင်သာချို သိပ်ပြီးကျေနပ်ဟန်မတူပါဘူး။
ဒီလိုနဲ့ အဲဒီညက ဆရာအော်ပီကျယ်က အရင်စပြီး ဟောပြောပါတယ်။ ဆရာအော်ပီကျယ် ဟောပြီး ဆရာမောင်သာချို မဟောခင် ကျနော်က နယ်ခံတယောက်အနေနဲ့ ပဉ္စလက်တောင်တန်း ကဗျာရှည်ကို ရွတ်ပါတယ်။ နောက်တော့မှ ဆရာမောင်သာချို ဟောပြောပါတယ်။ အဲဒီညက ဟောပြောပွဲက ထင်ထားတာထက်တောင် ပိုကောင်းတယ်လို့ ပြောသံကြားခဲ့ပါတယ်။ သည့်နောက်ပိုင်းတော့ ဆရာမောင်သာချိုနဲ့ ကျနော် လူချင်းတော့ မတွေ့ဖြစ်ပေမဲ့ ဖုန်းနဲ့တော့ ကြိုးကြားကြိုးကြား ပြောဖြစ်ပါသေးတယ်။ သူကလည်း စာပေဟောပြောပွဲတွေနဲ့ နပန်းလုံးနေရတဲ့ သဘောမို့ လူချင်း မဆုံနိုင်ခဲ့ပါဘူး။
စစ်တပ်က အာဏာသိမ်းတော့ အစောဆုံး ဖမ်းဆီးထိန်းသိမ်းခံရတဲ့အထဲ မောင်သာချို ပါသွားတာ ကြားရတော့ ကျနော်က ကိုယ့်ရပ်ကိုယ့်မြေ ကပ်လို့မရတဲ့သူ ဖြစ်နေပြီ။ အခုတော့ ဆရာမောင်သာချို ထောင်ကလွတ်ပြီး ထောင်ထဲကရတဲ့ ဖိနှိပ်ရက်စက်ခံရမှုဒဏ်နဲ့ ကင်ဆာရောဂါ ဖြစ် ကွယ်လွန်သွားပြီလို့ ကြားရတော့တာပါပဲ။
ဒီကြားထဲ သူနဲ့ သိသူ မိတ်ဆွေတွေ သူ့ရဲဘော်တွေက သူ့အကြောင်း ရေးကြသားကြတဲ့အထဲမှာ သူနဲ့အတူ ထောင်ထဲမှာ အတူနေခဲ့ဖူးသူတဦး ရေးတဲ့စာကိုဖတ်ရတော့ ကျနော့်မှာ စိတ်ထိခိုက် နာကျင်ရပြန်ပါတယ်။
ဆရာမောင်သာချိုဟာ ဖမ်းဆီးခံရကာစက စစ်ကြောရေးမှာ ရင်ဘတ်ကို စစ်ဖိနပ်နဲ့ အကြိမ်ကြိမ် အကန်ခံခဲ့ရ၊ နှိပ်စက်ခံခဲ့ရတယ်ဆိုတာ ဖတ်ရပြန်တော့ ကျနော့်မှာ ဖြေလို့ မရပြန်ဘူး။ အခုတော့ တိုင်းပြည်က အားကိုးရတဲ့ ကဗျာဆရာတယောက် စာပေပညာရှင်တယောက် ဆုံးရှုံးရပြန်ပါပြီ။
ဆရာမောင်သာချို လှေကလေးတစင်းနဲ့ သံသရာတံခါးဝဆီ ထွက်ခွာသွားပုံက ကြေကွဲနာကျင်ဖို့ ကောင်းလှပါဘိ။ ။