
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့ကို စစ်တပ်က ပြန်ထိန်းချုပ်ထားလိုက်ပြီလို့ စစ်တပ်ပိုင်မြဝတီ ရုပ်သံလိုင်းကနေ ဩဂုတ် ၁၉ ရက်မှာ ကြေညာပါတယ်။
ဒီးမော့ဆိုမြို့ကို ပြန်ရဖို့ ၁၆ ရက်ကြာ ထိုးစစ်ဆင်ခဲ့ရပြီး တော်လှန်ရေးရဲဘော်အလောင်း ၆ လောင်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
လက်ရှိ စစ်တပ်ဟာ ဒီးမော့ဆိုမြို့ရဲ့ အရှေ့အနောက်သွားတဲ့လမ်းမကို ထိန်းထားပြီး မြို့ထဲမှာ သွားလာနေတဲ့ အရပ်သားပြည်သူတွေကိုဖမ်းဆီးကာ စစ်ကြောင်းမှာ လူသားဒိုင်းအဖြစ်ခိုင်းနေတဲ့ ရုပ်သံဖိုင်ကိုလည်း ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) က ဩဂုတ် ၁၈ ရက်က ထုတ်ပြန်ထားပါသေးတယ်။
လက်ရှိ မြို့ထဲမှာ တိုက်ပွဲတွေပြင်းထန်နေပြီး ဒီးမော့ဆိုမြို့အနီးနားက ပါဒေါဒူကျေးရွာ၊ ကုန်းသာရွာနဲ့ ဒေါငံခါးကျေးရွာတွေကတော့ ရွာလုံးကျွတ်ပြောင်းရွေ့နေရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဒီးမော့ဆိုမြို့ခံတယောက်က “ပါဒေါဒူရယ်မြို့မဈေးတို့ ပြီးတော့သဲတောင်လည်း သူတို့ (စစ်တပ်) ပြန်ရသွားပြီ။ လက်ရှိ ဒေါငံခါးကို ပေးမဖြတ်တော့ဘူး။ ဒေါငံခါးက ဒရုန်းတအားချလို့ လောလော ဆယ်တော့ ကျမတို့က ဒေါငံခါးနဲ့ အရမ်းနီးတဲ့ဘက်၊ အဲ့တော့ အရင်အတိုင်းပဲ စစ်တပ် ဒေါငံခါးသာ ရောက်လာခဲ့ရင် ကျမတို့ တမျိုးတမည်တော့ စဥ်းစားရမှာပေါ့။ လက် ရှိတော့ ဒီအတိုင်းပဲနေသေးတယ်။ လေယာဥ်တို့၊ လက်နက်ကြီးတို့၊ ဒရုန်းတို့ကို အတတ်နိုင်ဆုံး ဂရုစိုက် အဲလိုမျိုးပဲ နေသေးတာပေါ့နော်။ ထုတာတော့ ရက်တိုင်းထုတယ်၊ လက်နက်အသံက တနေကုန်ပဲ ဒီမနက်လည်း ထုတာပဲ” လို့ ပြောပါတယ်။
ဒီးမော့ဆိုမြို့ ပြန်ပါသွားတာနဲ့ပတ်သက်ပြီး ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ကို DVB က ဆက်သွယ်မေးမြန်ပေမဲ့ လောလောဆယ်တော့ ပြန်လည်ဖြေကြားခြင်း မရှိသေးပါဘူး။
မြေပြင်စစ်ရေးအခြေအနေတွေကြောင့် လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို ကားလမ်းကို ပြည်သူတွေ အသုံးမပြုဖို့ KNDF ဘက်က ထုတ်ပြန်ထားပါတယ်။
မိုးဗြဲကို ပြန်ရပြီးတဲ့နောက် စစ်တပ်ဟာ စစ်ကြောင်း ၄ ကြောင်းနဲ့ ဒီးမော့ဆိုဘက်ကို ဆင်းလာတာဖြစ်ပြီး ငွေတောင်ဆည်ဘက်ကနေ အင်အားဖြည့်ပြီး ဆင်းလာတဲ့စစ်ကြောင်းဟာ ဒီးမော့ဆိုမြို့ကို ဒီလအစပိုင်းမှာကတည်းက ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။
မြတ်သူအောင်