ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ်နဲ့ ဒီးမော့ဆိုမြို့နယ်က ရှေ့တန်းတိုက်ပွဲတွေမှာ တော်လှန်ရေး ရဲဘော် ၂ ယောက် ကျဆုံးခဲ့ရတယ်လို့ တပ်ရင်းတွေက သြဂုတ်လ ၁၈ ရက်က ထုတ်ပြန်ပါတယ်။
ဒီးမော့ဆိုမြို့နယ် ရှေတန်းတနေရာမှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) အမှတ် ၈ တပ်ရင်း၊ တပ်ခွဲ ၃ မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော် မောင်ကျော့ကင်းက သြဂုတ် ၁၁ ရက်မှာ ကျဆုံးခဲ့ရပြီး ၁၃ ရက်နေ့မှာ စျာပနပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ် ဖရူဆို (PDF Hpruso) က ရဲဘော် ပီတယ် (ခ) ဘိုနိုက ဘောလခဲရှေ့တန်းတနေရာမှာ စစ်တပ်နဲ့တိုက်ခိုက်ရင်း အလောင်းပြန်မရတာကြောင့် စျာပနအခမ်းအနားကို သြဂုတ် ၁၈ ရက်က ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
PDF Hpruso ပြန်ကြားရေးတာဝန်ရှိသူက "တိုက်ပွဲဖြစ်တာက ၃ ရက်နေ့ ပေါ့နော်။ ဖြစ်တော့ လူစုကွဲသွားကြတယ်၊ ကွဲသွားတော့ စောင့်ကြည့်တာပေါ့နော်၊ တချို့က မနက်ပိုင်းပြန်လာတယ်၊ တချို့က နောက်တရက်မှပြန်လာတယ်။ ရဲဘော်ဘိုနိုကလည်း ပြန်လာမယ်ထင်ပြီး စောင့်ကြည့်တယ်။ နယ်မြေတွေရှင်းတယ်၊ အစအနမတွေ့တော့ လမ်းများမှားသွားမလားဆိုပြီး စောင့်ကြည့်တာ၊ ရှာတာ မတွေ့တော့ အခုမှ(သြဂုတ်လ ၁၈ရက်)လုပ်ရတာပါ"လို့ ပြောပါတယ်။
ရဲဘော်ကျော့ကင်းက ရှေ့တန်းထွက်ဖို့ ငြင်းဆိုခြင်းမရှိဘဲ တော်လှန်ရေးမှာ တက်တက်ကြွကြွ ပါဝင်လေ့ရှိတဲ့ အသက် ၄ နှစ်အရွယ် ကလေးငယ်နဲ့ ၆ လအရွယ် ကလေးငယ်တို့ရဲ့ ဖခင်ကောင်း၊ ရဲဘော်ကောင်းတယောက်ဖြစ်လို့ ကျဆုံးရမှုအတွက် မိသားစုနဲ့ ထပ်တူ ဝမ်းနည်းရတယ်လို့ ဆိုပါတယ်။
ရဲဘော်ဘိုနိုက ဒီဇင်ဘာလ ၁၂ ရက် ၂၀၂၂ ခုနှစ်ကတည်းက ပြည်သူ့ကာကွယ်ရေးတပ် ဖရူဆိုမှာ တာဝန်ထမ်းဆောင်ခဲ့ပြီး ဘောလခဲမှာ ထိတွေ့မှု အကြိမ်ကြိမ်ရှိရာကနေ ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။