Home
မြန်မာသတင်း
ဒီးမော့ဆို မြို့မစျေးအနီးထိ စစ်တပ်စစ်ကြောင်းရောက်လာပြီး တိုက်ပွဲပြင်းထန်
DVB
·
August 18, 2025

ကရင်နီပြည်နယ်၊ ဒီးမော့ဆို မြို့မဈေးအထိ စစ်တပ်ရဲ့ စစ်ကြောင်း ရောက်လာလို့ ဒီရက်ပိုင်း တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

ငွေတောင်အခြေစိုက် ခလရ ၁၀၂ တပ်နဲ့ ခမရ ၄၂၇ တပ်ရင်းကနေ အင်အားဖြည့်ပြီး ထွက်လာတဲ့ စစ်ကြောင်းဟာ ဒီးမော့ဆို မြို့မဈေးအထိ ရောက်လာလို့ အနီးနားဝန်းကျင်က ဒေသခံတွေ ထပ်ပြောင်းရွှေ့နေရပါတယ်။

စစ်ကြောင်းဟာ ဒေါညေးခူကိုသွားတဲ့ ကားလမ်းမအထိ စစ်ရေးလှုပ်ရှားတာတွေ လုပ်နေလို့ ဒီရက်ပိုင်း တော်လှန်ရေးတပ်တွေနဲ့ နေ့တိုင်းနီးပါး တိုက်ပွဲဖြစ်နေတယ်လို့လည်း ဒေသခံတွေက ဆက်ပြောပါတယ်။

လက်ရှိ ဒီးမော့ဆိုမြို့မဈေး၊ သဲတောင်နဲ့ ပြည်အောင်ရတနာဆီဆိုင်နားတွေအထိ စစ်ကြောင်းရောက်လာတဲ့ အခြေအနေကို မြို့ခံတယောက်က ရှင်းပြပါတယ်။

“ဒေါငံခါးနဲ့ ပြည်အောင်ရတနာမှာ ပစ်နေတယ်။ အခု ကျမတို့ ဖြတ်မယ်ဆိုတာတောင် ပေးမဖြတ်တော့ဘူး၊ လမ်းတွေ ပိတ်လိုက်ပြီ။ ဒီဘက်က ရဲဘော်တွေက ပိတ်လိုက်တာ၊ ပေးမသွားဘူး အန္တရာယ်များတော့၊ အခုက ထပ်တိုးပြီး ပိတ်ထားတယ်။ စစ်တပ်က အရမ်းနီးလာတော့ ထပ်ဆင့်ပိတ်ထားတာ။ လောလောဆယ် ဘယ်လိုပြင်ဆင်လဲဆို စစ်မြေပြင်နဲ့ တအားနီးတဲ့အဖွဲ့တော့ ရွှေ့ကုန်ပြီ၊ နေလို့ ဘယ်လိုမှမရဘူး။ ဒရုန်းလည်း တအားချတယ်။ ကျန်နေတဲ့ ကျမတို့ဘက်ဆိုရင် နားစွင့်ပြီး သတိထားနေရတာပေါ့။ ထုတာတော့ ရက်တိုင်း ထုတယ်။ လက်နက်အသံတွေက တနေကုန်ပဲ၊ ဒီမနက်လည်း ထုတာပဲ။ စစ်ကြောင်းက အကုန်ဆက်ထိုးမယ်နဲ့တူတယ်။ အခုတောင် ပြည်အောင်ရတနာဆီဆိုင် အရင်နေရာဟောင်းလေ အဲ့အထိ ရောက်နေပြီ။”

ဒီးမော့ဆိုမြို့ဟာ တော်လှန်ရေးတပ်တွေ တနှစ်ကျော်ကြာ ထိန်းထားတဲ့မြို့ ဖြစ်ပေမဲ့ မြို့ရဲ့အနီးနားက ခမရ ၄၂၇ တပ်ရင်းနဲ့ ခလရ ၁၀၂ တပ်တွေကိုတော့ တော်လှန်ရေးတပ်တွေ အပြီးတိုင် မသိမ်းနိုင်ဘဲ ကျန်နေခဲ့တာပါ။

အဲဒီ ကျန်နေခဲ့တဲ့တပ်တွေက ဒီလရဲ့ ပထမအပတ်မှာ အင်အားအလုံးအရင်းနဲ့ တိုးလာတဲ့အပြင် အနီးနားက ကျေးရွာတွေကို လက်နက်ကြီး လေကြောင်း ဒရုန်းတွေ အလွန်အကျွံသုံးပြီးတော့ အရပ်သားတွေကို တိုက်ခိုက်နေလို့ ကယ်ဆယ်ရေးနဲ့ ရွှေ့ပြောင်းရေးတွေကို လတ်တလော ဦးစားပေး လုပ်ဆောင်နေကြရပါတယ်။

ဒီးမော့ဆိုမြို့ရှိ စစ်ရေးသတင်းရင်းမြစ်က “ပါဒေါဒူရွာနဲ့ တောင်ပေါ်တွေကို  စစ်တပ်တွေ ရသွားပြီ။ ဒီးမော့ဆို အရှေ့အနောက်ကူးတဲ့ လမ်းတွေပါ ထိန်းထားတာ။ မြို့ထဲဆိုရင် မြို့မဈေးအထိ ပြန်ပေးလိုက်ရတဲ့ အနေအထားမျိုးတော့ ရှိတယ်။ လောလောဆယ် Fire Zone ဖြစ်သွားပြီ”လို့ ပြောပါတယ်။

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ဘက်ကတော့ မြေပြင် စစ်ရေးအခြေအနေအရ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို ကားလမ်းမကို ရက်အကန့်အသတ်မရှိ ပိတ်ထားမယ်လို့ ထုတ်ပြန်ထားပြီး ဒီးမော့ဆိုမြို့ရဲ့ စစ်ရေးအခြေအနေ မေးမြန်းမှုကိုတော့ ပြန်လည်ဖြေကြားခြင်း မရှိသေးပါဘူး။

မောရစ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013