
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းတခုမှာ မြေပြိုကြလာတာကြောင့် စစ်ရှောင်နေအိမ်တချို့ကို နေရာရွှေ့ပြောင်းနေရတယ်လို့ စစ်ရှောင်ပြည်သူတွေက ပြောပါတယ်။
စစ်ရှောင်ပြည်သူတယောက်က “ခုလောလောဆယ် ၃ လုံးရွှေ့ပြီးပြီ၊ နောက်ထပ်ရွှေ့ဖို့ ၂ လုံးကျန်တယ်။ အက်ကြောင်းတွေ လိုက်လာတာ လမ်းလည်းပျက်သွားပြီ၊ စာသင်ကျောင်းကလည်း အခုအခြေအနေဆို အန္တာရာယ်များပြီ” လို့ ပြောပါတယ်။
မြေအက်ကြောင်းက စစ်ရှောင်စာသင်ကျောင်းနားအထိ အက်ကြောင်းကြီးဖြစ်ပေါ်ပြီး စာသင်ခန်းထဲ မြေတွေဝင်တာလည်း ရှိလာတာကြောင့် အဲဒီနေရာမှာ စာသင်တာကို ရပ်ထားရပြီး နေအိမ် ၅ လုံးကိုလည်း နေရာရွှေ့ပြောင်းရတယ်လို့ သိရပါတယ်။
အခြေအနေသွားရောက်ကြည်ရှုသူက “မြေပြိုတဲ့ပုံစံကကြီးတယ်။ ကျနော်သွားကြည့်တာ ဓာတ်ပုံတောင်မရိုက်ချင်ဘူး စိတ်မကောင်းလို့။ ဒီနှစ်က မိုးတအားများတော့ ဆိုးတာပေါ့” လို့ ပြောပါတယ်။
ဇူလိုင်နဲ့ သြဂုတ်လထဲမှာ မိုးဆက်တိုက်ရွာတာကြောင့် မြေပြိုတာ၊ လမ်းပျက်စီးတာ၊ ကားလမ်းရေတက်နေလို့ သွားလာရခက်ခဲတာတွေလည်း ကြုံတွေ့ရတယ်လို့ စစ်ရှောင်ပြည်သူတွေက ပြောပါတယ်။
Photo -Kantarawaddy Times