
စစ်ကော်မရှင်က အမျိုးသမီးစစ်မှုထမ်းတွေကို စခေါ်နေပြီဆိုတဲ့ သတင်းကြောင့် အမျိုးသားတွေလို ပြည်ပထွက် အလုပ်လုပ်ခွင့် ကန့်သတ်တားဆီးမှာကို စိုးရိမ်နေရတယ်လို့ လူငယ်အမျိုးသမီးတချို့က ပြောပါတယ်။
အမျိုးသမီးစစ်မှုထမ်းအပတ်စဥ် ၁ ကို မှော်ဘီမြို့ အခြေစိုက် အမှတ် ၄ အရာခံနဲ့ အကြပ်ကြီး သင်တန်းကျောင်းမှာ ဖွင့်လှစ် သင်တန်းပေးနေတာလို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) က သြဂုတ် ၁၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။
အဲဒီလို အမျိုးသမီးစစ်မှုထမ်းတွေကို ခေါ်ယူသင်တန်းပေးနေပြီဆိုတာကြောင့် စစ်မှုထမ်းဖို့ အသက်အကျုံးဝင်တဲ့သူတွေအပေါ် ကန့်သတ်ထိန်းချုပ်တာတွေ လုပ်လာမှာကို စိုးရိမ်ရတယ်လို့ ဂျပန်နိုင်ငံကို သွားအလုပ်လုပ်ဖို့ စောင့်ဆိုင်းနေတဲ့ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတယောက်က ပြောပါတယ်။
“စစ်မှုထမ်းကိစ္စကို အကြောင်းပြပြီး ထွက်ခွင့်ပိတ်မှာ ကြောက်နေတာ။ ရှေ့မှာလည်း အဲဒီလိုလုပ်ခဲ့တဲ့ ဖြစ်ရပ်တွေက ရှိနေတာလေ။”
စစ်ကော်မရှင်က စစ်မှုထမ်းကိစ္စကို အကြောင်းပြုပြီး အသက် ၁၈ ကနေ ၃၅ နှစ်အတွင်း အမျိုးသားတွေကို မတ်လကစပြီး ပြည်ပထွက် အလုပ်လုပ်ခွင့် ပိတ်ထားပါတယ်။
ဒါကြောင့် ပြည်ပအလုပ်အကိုင်အေဂျင်စီတွေ အနေနဲ့ အမျိုးသမီးနဲ့ အသက် ၃၅ နှစ်အထက် အမျိုးသားတွေကိုပဲ ပြည်ပစေလွှတ်နိုင်တဲ့ အခြေအနေ ကြုံနေရတာလည်း ဖြစ်ပါတယ်။
ပြည်ပအလုပ်အကိုင်အေဂျင်စီ လုပ်ငန်းရှင်တယောက်က “အမျိုးသမီးစစ်မှုထမ်းခေါ်ရင်လည်း အမျိုးသားတွေလောက် အရေအတွက်များများ ခေါ်မယ့်အနေအထား မရှိတော့ သိပ်ပြီး စိုးရိမ်စရာမရှိဘူး ထင်ရတာပဲ” လို့ ပြောပါတယ်။
ပြည်သူ့စစ်မှုထမ်းဥပဒေအရ အသက် ၁၈ ကနေ ၂၇ နှစ်အတွင်း အမျိုးသမီးတွေမှာ စစ်မှုထမ်းဖို့ အကျုံးဝင်ပြီး အိမ်ထောင်ရှိသူနဲ့ ကလေးရှိတဲ့ အိမ်ထောင်ကွဲ အမျိုးသမီးတွေကို ကင်းလွတ်ခွင့် ပေးထားပါတယ်။
လက်ရှိမှာ အမျိုးသမီးစစ်မှုထမ်း အပတ်စဥ် ၁ ဖွင့်လှစ်ထားတာ ၂ လကြာပြီလို့ MDSI က ထုတ်ပြန်ထားပေမဲ့ စစ်ကော်မရှင်ဘက်က ဒီကိစ္စနဲ့ပတ်သက်လို့ တစုံတရာ ထုတ်ပြောလာတာ မရှိသေးပါဘူး။
စစ်ကော်မရှင်အနေနဲ့ နိုင်ငံတဝန်း စစ်မျက်နှာဖွင့်ထားရသလို စစ်သားအင်အားဆုံးရှုံးမှု များနေတာကြောင့် အမျိုးသားစစ်မှုထမ်း တောက်လျှောက်ခေါ်ယူ အားဖြည့်နေရတယ်လို့ စစ်ရေးသတင်းတွေအရ သိရပါတယ်။