
အောင်ဘာလေထီ ဈေးကွက်မှာ ကျပ် ၁,၀၀၀ တန် ထီလက်မှတ်တစောင်ကို ၁,၅၀၀ ကျပ်အထိ ဈေးပေါက်လာတယ်လို့ ထီလုပ်ငန်း အသိုက်အဝန်းက သိရပါတယ်။
အောင်ဘာလေထီရုံးကနေ ကိုယ်စားလှယ်ရယူထားတဲ့ ပင်ရင်းထီလုပ်ငန်းရှင်တချို့က ဈေးကွက် လက်ဝါးကြီးအုပ်ပြီး တဆင့်ခံ ပြန်လည်ဝယ်ယူရောင်းချမယ့်သူတွေကို စျေးတင်ဖြန့်ရာကနေ ဈေးကွက်ထဲ ထီလက်မှတ်ဈေးနှုန်း မြင့်တက်လာရတာလို့ ဆိုပါတယ်။
ထီလက်ခွဲရောင်းချနေသူတယောက်က “ပင်ရင်းကကို ထီတစောင် ကျပ် ၁,၀၀၀ ကျော်နဲ့ ဈေးဖွင့်တာလေ။ သူတို့ဆီက တဆင့်၊ တဆင့် ပြန်ရောင်းတဲ့သူတွေက ကိုက်အောင် ဈေးထပ်ချိန်ရင်းနဲ့ ထီလက်မှတ်ဈေးက ထိုးတက်သွားတာ” လို့ ပြောပါတယ်။
အောင်ဘာလေသိန်းဆုဌာနက ထီတစောင်ကို ကျပ် ၁,၀၀၀ လို့ သတ်မှတ်ထားပေမဲ့ မြေပြင်ဈေးကွက်မှာ အနည်းဆုံး ၁,၃၀၀ ကျပ်ကနေ ၁,၅၀၀ ကျပ်အထိ ပေါက်နေတာဖြစ်ပြီး စစ်တပ်နဲ့ ဆက်နွှယ်သူ၊ နိုင်ငံရေးအခြေအနေ စိတ်မဝင်စားသူတွေကပဲ အဲဒီထီလက်မှတ်ကို ဝယ်တာရှိတယ်လို့ ထီလောကက ဆိုပါတယ်။
ပင်ရင်း ထီကိုယ်စားလှယ်ယူခဲ့ဖူးသူတယောက်က “အခုက စစ်တပ်နဲ့နွှယ်တဲ့ ပင်ရင်းသမားတွေက ထီရုံးနဲ့ပေါင်းပြီး လက်ဝါးကြီးအုပ် လုပ်စားနေတာ။ ဈေးကွက်လည်း အဲဒီလောက်ရှိတော့တာ မဟုတ်ဘူး။ ထီမထိုး မနေနိုင်တဲ့သူတွေလောက်နဲ့ နှစ်ပါးသွားနေတာ” လို့ ပြောပါတယ်။
အောင်ဘာလေသိန်းဆုဌာနက ထီတစောင် ၁,၀၀၀ ကျပ်နဲ့ ၁၁ စောင်ပါတဲ့ ထီတအုပ်ကို ကျပ် ၁၀,၀၀၀ နှုန်း သတ်မှတ်ကာ ဖြန့်ဝေတဲ့စနစ် ကျင့်သုံးတာဖြစ်ပါတယ်။
ထီကိုယ်စားလှယ်ရယူလိုသူတွေအနေနဲ့ ဝယ်ယူမယ့် ထီအုပ်ရေအလိုက် အာမခံကြေးသွင်းပြီး လျှောက်ထားဝယ်ရတာ ဖြစ်ပေမဲ့ အခုနောက်ပိုင်း လက်ဝါးကြီးအုပ်ထားသူတွေကလွဲရင် ကိုယ်စားလှယ် လျှောက်ထားဝယ်ယူတာတွေကို ထပ်မချပေးတာမျိုး လုပ်လာတာလို့ ထီဈေးကွက်နဲ့ အကျွမ်းဝင်သူတွေက ဆိုပါတယ်။
အခုလို အောင်ဘာလေထီဈေးကွက်မှာ ကမောက်ကမဖြစ်နေပေမဲ့ အာဏာသိမ်းကာလတည်း ထီရောင်းအားက အရပ်သားအစိုးရလက်ထက်က ရောင်းအားရဲ့ အစွန်းထွက်လောက်သာ ရှိတော့တာလို့ သူတို့က ဆိုပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာမသိမ်းခင်က ထီအက္ခရာအလုံးရေ ၄၀ ကျော်အထိ ရိုက်ထုတ် ရောင်းချနိုင်ခဲ့ပြီး လက်ရှိမှာ အက္ခရာ ၉ လုံးလောက်ပဲ ထုတ်နိုင်တာ ဖြစ်ပါတယ်။
ထီတအုပ်မှာ စောင်ရေ ၁၁ စောင်ရှိပြီး ထီအက္ခရာတခုမှာ အုပ်ရေ ၇ သိန်းခွဲကျော်ရှိတာ ဖြစ်ပါတယ်။
ဒါ့အပြင် ထီအက္ခရာတလုံးမှာ ထီလက်မှတ်စောင်ရေ ၉ သိန်းနီးပါးရှိတာဖြစ်လို့ အာဏာမသိမ်းခင်ကာလက အက္ခရာအလုံးရေ ၄၀ ကျော်ထက်စာရင် အခုလက်ရှိ အောင်ဘာလေထီ ရောင်းအားမှာ ပြောပလောက်စရာ ရှိမနေဘူးလို့ သုံးသပ်ကြပါတယ်။
အဲဒီလို ထီလက်မှတ်ရောင်းအား တရှိန်ထိုး ကျဆင်းသွားတာကြောင့် အမြင့်ဆုံးဆု ကျပ်သိန်း ၁၅,၀၀၀ မပေးနိုင်တော့ဘဲ ကျပ်သိန်း ၅,၀၀၀ သာ ပေးနိုင်တဲ့အထိ ဖြစ်လာတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းလိုက်ပြီးနောက် အစောဆုံး အာဏာဖီဆန် လှုပ်ရှားမှုအနေနဲ့ အောင်ဘာလေထီထိုးတာကို ပြည်သူတွေက ရပ်ဆိုင်းလိုက်တာလည်း ဖြစ်ပါတယ်။
ထီရောင်းအားတက်အောင် ထီလက်မှတ်ရောင်းရငွေရဲ့ ၇၀ ရာခိုင်နှုန်းကို ဆုငွေပြန်ခွဲပေးတာ၊ အွန်လိုင်းထီစနစ် သုံးပြီး စွဲဆောင်တာတွေ လုပ်ပေမဲ့ ပြည်သူအများစုက စိတ်ဝင်စားမှု ရှိမနေဘူးလို့ ထီလုပ်ငန်းလုပ်ကိုင်သူတွေက ဆိုပါတယ်။