Home
မြန်မာသတင်း
ကျပ်သိန်း ၅၀၀ ဆု အပါအဝင် ဆုမဲ ၁၀,၀၀၀ ကျော် လာထုတ်သူမရှိဟု အောင်ဘာလေထီရုံး ကြေညာ
DVB
·
August 5, 2025

ကျပ်သိန်း ၅၀၀ ဆု အပါအဝင် ဆုမဲ ၁၁,၀၀၀ ကျော်ကို ထုတ်ယူဖို့ ပျက်ကွက်နေပြီး ဒီလကုန်အထိ လာမထုတ်ရင် အခွန်ဘဏ္ဍာအဖြစ် သိမ်းသွားမယ်လို့ အောင်ဘာလေသိန်းဆုဌာနက ကြေညာပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက ၆၆ ကြိမ်မြောက် အောင်ဘာလေသိန်းဆုဖွင့်ပွဲမှာ ဆုမဲ ၁၀၀,၀၀၀ ကျော် ခွဲဝေခဲ့ရာမှာ ဆုမဲ ၁၁,၇၈၃ ဆုကို ထုတ်ယူသူမရှိသေးတာဖြစ်တယ်လို့ ဆိုပါတယ်။

ထုတ်ယူသူမရှိသေးတဲ့ဆုတွေမှာ ကျပ်သိန်း ၅၀၀ နဲ့ ကျပ်သိန်း ၂၀၀ ဆု တဆုစီ၊ ကျပ်သိန်း ၁၀၀ ဆု ၃ ဆု၊ ကျပ်သိန်း ၅၀ ဆု ၁ ဆု၊ ကျပ်သိန်း ၂၀ ဆု ၄ ဆု၊ ကျပ် ၁၀ သိန်းဆု ၅ ဆု၊ ၃ သိန်းဆု ၁၃ ဆု၊ ၂ သိန်းဆု ၇၂ ဆု၊ ၁ သိန်းဆု ၈၀၉ ဆု၊ ၅ သောင်းဆု ၁,၅၈၅ ဆု၊ ၁ သောင်းဆု ၉,၂၈၉ ဆုတို့ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲဒီဆုမဲတွေကို သြဂုတ် ၂၉ ရက်အထိ တင်ပြထုတ်ယူတာမရှိရင် အခွန်ဘဏ္ဍာအဖြစ် သိမ်းသွားမှာဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

အောင်ဘာလေထီ အရောင်းကိုယ်စားလှယ်တယောက်က “ထီလက်မှတ်ပျောက်လို့၊ ပျက်စီးသွားလို့ မထုတ်ဖြစ်ကြတာများတယ်။ အခုက ထီကို လူနည်းစုနဲ့ စစ်တပ်နဲ့ ဆက်စပ်ပတ်သက်သူတွေလောက်ပဲ ထိုးကြတော့တာ။ ဆုထုတ်မယ့်သူမရှိတော့ သူတို့ဘဏ္ဍာမှာ တိုးသွားမှာလေ” လို့ ပြောပါတယ်။

အာဏာမသိမ်းခင် NLD အစိုးရလက်ထက်က အခုလို ဆု​မဲထုတ်ယူဖို့ ပျက်ကွက်တဲ့ ဆုငွေတွေကို ဘဏ္ဍာငွေအနေနဲ့ အကုန်သိမ်းယူတာမရှိဘဲ နောက်ထီဖွင့်ပွဲမှာ အပိုဆုအဖြစ် ထပ်တိုးပေးခဲ့တာ ဖြစ်တယ်လို့ ထီလုပ်ငန်းနဲ့ နီးစပ်သူတွေက ဆိုပါတယ်။

ဒါ့အပြင် အဲဒီအချိန်က အမြင့်ဆုံးဆုအဖြစ် ကျပ်သိန်း ၁၅,၀၀၀ ပေးနိုင်ခဲ့ပေမဲ့ အာဏာသိမ်းပြီး ပြည်သူအများစုက အောင်ဘာလေထီ ထိုးတာကို ရပ်ဆိုင်းခဲ့တာကြောင့် ထီရောင်းအား ကျဆင်းခဲ့ကာ အမြင့်ဆုံးဆုကို ကျပ် ၅,၀၀၀ သာ ပေးနိုင်တော့တာလို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024