
အိန္ဒိယနိုင်ငံ၊ ဂျမူးနဲ့ ကက်ရှ်မီးယား ဒေသအတွင်း ရေလွှမ်းအပြီး ရုပ်အလောင်း ၆၀ ထက်မနည်းကို ဆယ်ယူရရှိထားတယ်လို့ ပြည်ထောင်စုနယ်မြေအကြီးအကဲ အိုမာ အဗ်ဒူလာက သြဂုတ် ၁၅ ရက်မှာ ပြောခဲ့ပါတယ်။
“လူတော်တော်များများ ပျောက်ဆုံးနေဆဲပါ။ အခုအချိန်အထိ အတည်ပြုထားတဲ့ ပျောက်ဆုံးသူ အရေအတွက်က ခန့်မှန်းခြေ ၆၀-၇၀ လောက်ရှိပါတယ်။”
သြဂုတ် ၁၄ ရက်က ချာစိုတီရွာမှာ ရွှံ့မြေပြိုကျပြီး ရေကြီးခဲ့ပါတယ်။ ဒါကြောင့် နာမည်ကြီး ဘာသာရေးနေရာတခုအတွက် တောင်ပေါ်ကို ခြေလျင်ခရီးမထွက်ခင် နေ့လယ်စာအတွက် လူတွေ စုရုံးနေကျ နေရာတခု မျောပါခဲ့ပါတယ်။
ဒါဟာ ဟိမဝန္တာတောင်တန်းမှာ တပတ်အတွင်း ဒုတိယမြောက်ဖြစ်တဲ့ ဘေးအန္တရာယ်ပါ။ မြို့တော်စရီနာဂါကနေ ကီလိုမီတာ ၂၀၀ အကွာ ကစ်ရှ်သွာဒေသမှာ ဒေသဆိုင်ရာရဲတွေနဲ့ တခြား အေဂျင်စီတွေက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နေပါတယ်။
အပျက်အစီးတွေအောက်မှာ လူအများအပြား နစ်မြုပ်နေသေးတယ်လို့ အာဏာပိုင်တွေက ခန့်မှန်းထားပါတယ်။
ကယ်ဆယ်ရေးလုပ်ငန်းတွေကို ပြန်သုံးသပ်ပြီး နောက်ထပ်အကူအညီ လိုအပ်တာတွေကို အကဲဖြတ်မယ်လို့ ပြည်နယ်၀န်ကြီးချုပ် အိုမာ အဗ်ဒူလာက ဩဂုတ် ၁၅ ရက်မှာ X လူမှုကွန်ရက်ပေါ်ကနေ ပြောလိုက်ပါတယ်။
ဇွန်လကနေ စက်တင်ဘာလကြား မုတ်သုံရာသီအတွင်း ပျမ်းမျှ မိုးရွာသွန်းမှုနှုန်းကို ကျော်လွန်သွားမယ်လို့ မိုးလေဝသဌာနက ခန့်မှန်းထားပါတယ်။
မကြာသေးမီလတွေအတွင်း မိုးပြိုကျသလို မိုးရွာသွန်းခြင်း၊ ရေကြီး မြေပြိုခြင်းတို့ကြောင့် အသက်နဲ့ ပစ္စည်းဥစ္စာတွေ သိသိသာသာ ဆုံးရှုံးခဲ့ရပြီး တောင်ကုန်းတွေပေါ်မှာ အဆိုးရွားဆုံး ထိခိုက်ခဲ့ပါတယ်။
မိုးသည်းပြီး ရုတ်တရက် ရေကြီးရေလျှံတာတွေကြောင့် ပါကစ္စတန်နဲ့၊ အိန္ဒိယတို့ သီးခြားစီ အုပ်ချုပ်တဲ့ ကက်ရှ်မီးယားဒေသနဲ့ နီပေါနိုင်ငံတို့မှာ လူ ၄၀၀ ကျော် သေဆုံးခဲ့ပြီး ရာနဲ့ချီ ပျောက်ဆုံးနေတယ်လို့ အာဏာပိုင်တွေက ပြောခဲ့ပါတယ်။
Source: Reuters