
ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ စစ်တပ်ခန့် တိုင်းဝန်ကြီးချုပ်ကိုယ်တိုင် လာကြည့်တဲ့ အမှိုက်ကောက် သန့်ရှင်းရေးလုပ်ငန်း ပျက်ကွက်သူတွေကို ဒဏ်ငွေရိုက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်တပ်ခန့် မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေက အပတ်စဉ် စနေနေ့တိုင်း စုပေါင်း အမှိုက်ကောက်သန့်ရှင်းရေး လုပ်ခိုင်းနေတာဖြစ်ပြီး အမှိုက်ကောက်ဖို့ ပျက်ကွက်သူတွေကို သြဂုတ်လ ပထမအပတ်ကစလို့ ကျပ် ၃၀,၀၀၀ အထိ ဒဏ်ငွေရိုက်နေတာလို့ ဆိုပါတယ်။
ပုသိမ်မြို့ခံ အမျိုးသမီးတယောက်က “အပတ်စဉ် စနေနေ့တိုင်း ဝန်ကြီးချုပ်က လာကြည့်တယ်။ အရပ်သားတွေနဲ့ အုပ်ချုပ်ရေးမှူးတယောက်၊ နှစ်ယောက်လောက်ကရော အမှိုက်ကောက်တယ်။ အပတ်စဉ် လုပ်နေရတာ။ အကြောင်းအမျိုးမျိုးကြောင့် ပျက်ကွက်ရင် ဒဏ်ရိုက်တာ။ တကြိမ်တောင် ပျက်ကွက်လို့မရဘူး” လို့ပြောပါတယ်။
အပတ်စဉ် စနေနေ့တိုင်း စာသင်ကျောင်းတွေ၊ လူစည်ကားတဲ့ဈေးနဲ့ လမ်းဘေးတွေမှာ မနက် ၇ နာရီကနေ ၉ နာရီအထိ အမှိုက်ကောက်ခိုင်းတာဖြစ်ပြီး ပျက်ကွက်သူတွေကို ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ရပ်ကွက်ရုံးကို ဆင့်ခေါ်ဒဏ်ငွေရိုက်တာလို့ သိရပါတယ်။
မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “မနေ့က စနေနေ့ ဝန်ကြီးချုပ် လာကြည့်တယ်။ အရပ်သားတွေနည်းတယ်။ ကျောင်းသားတွေလောက်ပဲ အမှိုက်ကောက်တော့ သန့်ရှင်းရေးလုပ်ငန်းမှာ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေကအစ စိတ်ပါဝင်စားမှုနည်းတယ်လို့ ဝန်ကြီးချုပ်က ပြောသွားလို့ ခရိုင်နဲ့မြို့နယ်အဆင့် အုပ်ချုပ်ရေးမှူးတွေက အဆင့်ဆင့် အောက်ခြေအထိ ပိုမိုဖိအားပေးနေတာ” လို့ ပြောပါတယ်။
သြဂုတ်လပထမ အပတ်ကနေ ၁၆ ရက် စနေနေ့အထိ အမှိုက်ကောက်ဖို့ ပျက်ကွက်တဲ့ အရပ်သား ၁၀၄ ယောက်ထက်မနည်း ဒဏ်ငွေပေးထားရပြီး ဒဏ်ငွေကောက်တဲ့လုပ်ငန်းစဉ်ကို မြို့နယ် အုပ်ချုပ်ရေးမှူးက ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို ညွှန်ကြားထားတာလို့ ဒေသခံတွေဆီက သိရပါတယ်။