Home
အထွေထွေ
ပုသိမ်တွင် ကိုယ်စားလှယ်လွှဲစာဖြင့်ထုတ်သည့် ပင်စင်စားများ လာဘ်ငွေပေးမှ ထုတ်ခွင့်ရ
DVB
·
August 2, 2025

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှာ သက်ကြီး ပင်စင်စားတွေ အနေနဲ့ ကိုယ်စားလှယ်လွှဲစာနဲ့ ပင်စင်လစာ ထုတ်ယူခဲ့အခါ ဘဏ်စာရေးတွေကို ကျပ် ၁၀,၀၀၀ အနည်းဆုံး လာဘ်ငွေပေးနေရတယ်လို့  မြို့ခံတွေဆီက သိရပါတယ်။

သက်ကြီးပင်စင်စားတွေအနေနဲ့ ကျန်းမာရေးနဲ့ အရွယ်ကြောင့် ပုသိမ် မြန်မာ့စီးပွားရေးဘဏ်ကို ကိုယ်တိုင်မလာရောက်နိုင်တဲ့အတွက် ကိုယ်စားလှယ်လွှဲစာနဲ့ ထုတ်ခိုင်းတဲ့အခါ ဘဏ်စာရေးတွေက အနည်းဆုံး ကျပ် ၁၀,၀၀၀ အထိ တောင်းယူပြီး ငွေပေးမှ အဆင်ပြေပြေ ဆောင်ရွက်ပေးတာလို့ ဆိုပါတယ်။

ကိုယ်စား ပင်စင်လစာထုတ်ယူသူတယောက်က “တောင်းတဲ့ငွေမပေးရင် ငွေထုတ်ရတာ အဆင်မပြေပါဘူး၊ ၁၀,၀၀၀ ကျပ် ပေးရတာပါ။ ကျန်းမာရေးကြောင့် ကိုယ်တိုင်မလာနိုင်တာပါလို့ ပြောတာ မရဘူး။ ၁၀,၀၀၀ ပေးလိုက်တာနဲ့ စာရွက်စာတမ်းတွေ ကောက်ကိုင်တော့တာပဲ” လို့ ပြောပါတယ်။

စစ်ကောင်စီက မြန်မာ့စီးပွားရေးဘဏ်ကနေ ပင်စင်စားတွေ ပင်စင်လစာထုတ်ယူရာမှာ စမတ်ကတ်ပါမှ ထုတ်ပေးတာကြောင့် စမတ်ကတ် မရှိတဲ့ ပင်စင်စား သက်ကြီးရွယ်အို အဘိုးအဘွားတွေအနေနဲ့ ထုတ်မရတဲ့အထိပါ အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

ပင်စင်စားတယောက်ရဲ့ မိသားစုဝင်က “သွားထုတ်ရတဲ့ ခရီးစရိတ်နဲ့ ရတဲ့ပင်စင်လစာနဲ့ဆို မကျန်တော့ပါဘူး။ ဘဏ်ရုံးဘက်ကနေ ကန့်သတ်ချက်တွေရှိတော့ ပိုဆိုးတယ်။ ထုတ်တောင် မထုတ်ပေးချင်တော့ဘူး။ စမတ်ကတ် မရှိရင် ထုတ်မရဘူးလေ။ သွားလုပ်ခိုင်းတော့ လဝကရုံးက စမတ်ကတ်က တခါတည်းမရဘူး၊ လုပ်ခက ၅၀,၀၀၀ ပေးရတာ။ ကတ်တခါသွားယူစရိတ်နဲ့ဆို ကုန်တာပါပဲ” လို့ ပြောပါတယ်။

ပုသိမ် မြန်မာ့စီးပွားရေးဘဏ်မှာ ကိုယ်စားလှယ်လွှဲစာနဲ့ ခက်ခက်ခဲခဲ ငွေပေးထုတ်ယူနေရတဲ့အပြင် တချို့ပင်စင်စား သက်ကြီး အဘိုးအဘွားတွေအနေနဲ့ စမတ်ကတ် မရှိတာကြောင့် ငွေထုတ်ယူမရလို့ ပုသိမ်လဝကရုံးကို သွားရောက်လုပ်တဲ့အခါ အချက်အလက် လွဲမှားနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အနည်းဆုံး ကျပ် ၅၀၀၀၀ အထိ ပေးမှ စမတ်ကတ် ရနေတယ်လို့ ဆိုပါတယ်။

သက်ကြီး ပင်စင်စားတွေအနေနဲ့ အရင်ကတည်းက နိုင်ငံဝန်ထမ်း လုပ်လာတာကြောင့် အခုပင်စင်စားအထိ ဖြစ်လာတာဖြစ်ပြီး စစ်ကောင်စီလက်ထက်ရောက်မှ စမတ်ကတ်လုပ်ဖို့ လဝကရုံးက အချက်အလက် မှားတယ်ဆိုပြီး ပြောဆိုကာ စနစ်တကျမလုပ်ပေးဘဲ ငွေညှစ်ချင်တာကြောင့် အကြောင်းပြ ရစ်နေတာလို့ ပင်စင်စား မိသားစုတွေက ဆိုပါတယ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013