
ရန်ကုန်၊ သာကေတမြို့နယ်၊ အနော်မာရပ်ကွက်က ၁/အနော်မာ သောက်ရေကန်ထဲမှာ လူသတ်ပြီး အလောင်းဖျောက်မှု ဖြစ်ပွားခဲ့တယ်လို့ ရပ်ကွက်နေသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဩဂုတ် ၁၁ ရက် မနက်အစောပိုင်းက သောက်ရေကန်ထဲမှာ လူလတ်ပိုင်း အမျိုးသမီး အလောင်းတလောင်း တွေ့ရှိခဲ့တာဖြစ်ပါတယ်။
အနော်မာရပ်ကွက် တာဝန်ရှိသူတယောက်က “ရေကန်ထဲ ခုန်ချသတ်သေတဲ့ ပုံစံမျိုးကို လုပ်ထားတာ။ တကယ်တမ်း ရင်ခွဲရုံမှာ စစ်ကြည့်တော့ အဆုတ်ထဲမှာ ရေမရှိဘူး။ သတ်ပြီး ကန်ထဲ ပစ်ချသွားတာ။ မသင်္ကာတဲ့သူကိုလည်း ဖမ်းမိထားတယ်” လို့ ပြောပါတယ်။
အဲဒီအမျိုးသမီးကို လမ်းဘေးမှာ ကားနဲ့ကွမ်းယာရောင်းတဲ့သူက သတ်တယ်လို့ စွပ်စွဲဖမ်းဆီးထားပြီး ဘာကြောင့်သတ်တယ် ဆိုတာကိုတော့ စုံစမ်းမေးမြန်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
အခုရက်ပိုင်းအတွင်း ရန်ကုန်မှာ မိမိကိုယ်ကိုယ် အဆုံးစီရင်တာ ၃ မှုထက်မနည်း ဖြစ်ပွားခဲ့ပါသေးတယ်။
အလုပ်ကနေ ထုတ်ပယ်ခံရတဲ့ လူလတ်ပိုင်းယောကျ်ားလေးတယောက် ကြိုးဆွဲချသေဆုံးခဲ့သလို၊ ဆီးကျိတ်ကင်ဆာ ခံစားနေရသူတယောက်လည်း အင်းလျားကန်ထဲ ခုန်ချသတ်သေခဲ့တာပါ။