
ရန်ကုန်က မြို့နယ်တချို့မှာ ဘေးတွဲဆိုင်ကယ် ပြန်လည်ဖမ်းဆီးနေပြီး ဆွဲခွင့်ပိတ်မယ့် သတင်းကြောင့် ဘက်ထရီစက်ဘီး ဝယ်ယူသူ များလာခဲ့ပြီး ရောင်းအားပြန်တက်လာတယ်လို့ ဘက်ထရီစက်ဘီး ရောင်းချသူတွေက ပြောပါတယ်။
စက်ဘီးဆိုင်ရှင်တယောက် “ဇွန်လ၊ ဇူလိုင်လမှာ ရောင်းအားမရှိသလောက်ဘဲ၊ တလလုံးမှ ၇ စီးလောက်ပဲ။ ဒီလထဲရောက်မှ အရင်ကလို ပြန်တက်လာတာ။ ဈေးကတော့ ၆ သိန်းခွဲကနေ စရှိမယ်။ ဘက်ထရီအိုးဈေး တက်တာကလွဲရင် စက်ဘီးကိုယ်ထည်၊ တာယာ၊ လီဗာ တခြားပစ္စည်းတွေက ဈေးပုံမှန်ပါပဲ။ ဒီလကို အခု လဝက်ပဲ ရှိသေးတယ် အစီး ၄၀ ကျော်နေပြီ။ ဆိုင်ကယ်ကတော့ ဖမ်းနေသေးတယ်၊ ဘေးတွဲတွေရောပဲ” လို့ ပြောပါတယ်။
ဘေးတွဲဆိုင်ကယ် ဖမ်းဆီးနေတဲ့ မြို့နယ်တွေထဲမှာ မြောက်ဥက္ကလာပမြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ မင်္ဂလာဒုံမြို့နယ် (လေဆိပ်တဝိုက်)၊ မြောက်ဒဂုံမြို့နယ် (ဘေလီတံတား၊ ကြိုးတံတား) အနီးတဝိုက်တို့ ပါဝင်နေပါတယ်။
ဖမ်းဆီးမိထားတဲ့ ဘေးတွဲဆိုင်ကယ်တွေကို ပြန်လည်ရွေးယူခွင့် မပြုတော့သလို ဆိုင်ကယ်နဲ့ လူပါ တွဲပြီး ဓာတ်ပုံအရိုက်ခံနေရတယ်လို့ ဆိုင်ကယ်မောင်းသူတယောက်က ပြောပါတယ်။
“ဆွဲခွင့်ပြန်ပိတ်မယ် ကြားနေရတာပဲ။ အခုက ဘာကတ်ပဲပါပါ၊ အင်္ကျီပဲပါပါ မရတော့ဘူး။ လမ်းကြောင်းရှိတဲ့နေ့ လမ်းမပေါ် တက်မိတာနဲ့ သိမ်းတာပဲ။ အရင်ကဆို ကြိုးတံတားအဆင်းက ရသေးတယ်။ အသိမ်းခံရတဲ့ ဆိုင်ကယ်အားလုံးက သုဓမ္မာဆို စိန်ပန်းမြိုင်ထဲမှာ။ ခေမာသီဘက်ဆို ခရိုင်ရဲစခန်းထဲမှာ။ တချို့ကလည်း ပါဆင်ဂျာမပို့တော့ဘူး၊ စက်ဘီးဝယ်ပြီး ပစ္စည်းပဲ လိုက်ပို့နေကြတယ်။”
ဘက်ထရီစက်ဘီးစီးသူ ပြန်လည်များပြားခဲ့လို့ ရောင်းအားတွေ တက်လာခဲ့ပေမဲ့ ပြီးခဲ့တဲ့ လပိုင်းက စစ်ကောင်စီက အငြိမ်းစားဗိုလ်ချုပ်တယောက် သတ်ဖြတ်ခံရချိန်မှာ ဘက်ထရီစက်ဘီး စီးလာတာကြောင့် ဖမ်းဆီးခံခဲ့ရတာတွေ ရှိခဲ့ပါတယ်။