Home
ဆောင်းပါး
ဦးကြီးတို့ရဲ့ ဆန်ပြုတ်ထမင်းဝိုင်း
DVB
·
August 17, 2025
Design: DVB

တပြန့်တပြော ကျယ်ဝန်းလှတဲ့ လယ်မြေတွေ လယ်ကွက်တွေရဲ့ ဘေးမှာ ဝါးပင်တွေ၊ သစ်ပင်တွေ ပေါက်ရောက်နေကြတယ်။ ဒီလို လယ်ကွက်တွေ မဖြစ်ခင်က တောရိုင်းမြေပါ။ အရိုင်းမြေကို အယဉ်ဖြစ်အောင် ရှေ့တုန်းက မျိုးဆက်တဆက်က လုပ်ခဲ့ကြတယ်။

အဲဒီမျိုးဆက်က ခါးတောင်းကို မြောင်အောင်ကျိုက်ပြီး တောရိုင်းမြေပေါ်က သစ်ပင်သစ်ငုတ်တွေကို တူးဖော်ခဲ့ကြတယ်။ လူတယောက်ရဲ့ တသက်မှာ လယ် ၁၀ ဧက ထက်မနည်း သစ်ငုတ်တွေဖော်ပြီးတော့ လယ်မြေအသစ် ဖော်ခဲ့ကြတာ ရှိတယ်။

တောရိုင်းမြေကနေ စိုက်လို့ပျိုးလို့ရနိုင်တဲ့ မြေကွက်တွေ ဖြစ်လာအောင် နဖူးကချွေး ခြေမကျအောင် ခန္ဓာကိုယ်ရဲ့ ခွန်အားတွေနဲ့ ရင်းနှီးခဲ့ကြရတာ ဖြစ်ပါတယ်။ အဲဒီမျိုးဆက်တွေ ဖော်ထုတ်ခဲ့တဲ့ မြေကွက်‌တွေပေါ်မှာပဲ နောက်လူတွေက စိုက်ကြပျိုးကြ ဖွံ့ဖြိုးအောင်လုပ်ကြပေါ့။

တောရိုင်းမြေရဲ့ မူလဇာစ်မြစ်ကို လိုက်ကြည့်တော့ စားကျက်မြေ ဖြစ်နေတယ်။ သစ်ပင်သစ်ငုတ်တွေကို ဖော်ထုတ်ရှင်းလင်းတာတွေ မလုပ်ခင်ကဆို ဒီနေရာက စားကျက်မြေ ဖြစ်ခဲ့ပါတယ်။

နွားတွေ အစာစားဖို့အတွက် ဒီစားကျက်မြေထဲကို မောင်းလွှတ်လိုက်ကြတာပဲ။ လူတော့ လိုက်သွားလို့မရဘူး။ လူက နွားအုပ်နဲ့အတူ လိုက်သွားလို့ မရတာပါ။ အစာစားဖို့အတွက် လွှတ်လိုက်တဲ့နွားအုပ်က အစာဝပြီဆိုတာနဲ့ ‌ချည်တိုင်ကို သူတို့ဘာသာ ပြန်လာကြတယ်။

စားကျက်မြေဆိုတာ ‌ကျွဲတွေ၊ နွားတွေ အစာစားဖို့အတွက် သီးသန့် သတ်မှတ်ထားတဲ့ နေရာပါ။ မြန်မာနိုင်ငံမှာ စားကျက်မြေပေါင်း မြောက်မြားစွာ ရှိပါတယ်။ လူတို့ စိုက်လို့ပျိုးလို့ ရနိုင်တဲ့နေရာနဲ့ ကျွဲနွားတွေ သီးသန့် အစာစားလို့ရနိုင်တဲ့နေရာကို တသီးတခြား ခွဲခြားထားပေးတာလည်း ဖြစ်နိုင်ပါတယ်။

စားကျက်မြေကို အင်္ဂလန်က ဗြိတိသျှဘုရင်မကြီးက သတ်မှတ်ပေးသွားတာလို့လည်း ပြောကြတာရှိတယ်။ ကျွဲတွေ နွားတွေ အစာစားလို့ရနိုင်မယ့် နေရာကို ဘုရင်မကြီးအမိန့်နဲ့ သတ်မှတ်ပေးပြီး ကုသိုလ်ယူခဲ့တာလို့လည်း ပါးစပ်ပြော တဆင့်စကားတွေနဲ့ လက်ဆင့်ကမ်း ပြောကြတာလည်း ရှိပါတယ်။ ဗြိတိသျှဘုရင်မကြီးက စားကျက်မြေကို စားကျက်မြေအတိုင်း နှစ်ပေါင်းများစွာ ထားရှိဖို့အတွက် ကျိန်စာတိုက်သွားတယ်လို့လည်း ပြောကြတာမျိုး ရှိပါတယ်။

ကျွဲတွေ နွားတွေ အစာရေစာ လွတ်လွတ်လပ်လပ် စားသုံးခွင့်ရဖို့နဲ့ အစားအစာ ပေါပေါများများ ရရှိစေဖို့ စားကျက်မြေဆိုတဲ့ နေရာကို သတ်မှတ်ပေးထားတာပါ။ ဒီစားကျက်မြေနေရာကို လူသားတွေက ကျူးကျော်လာပြီး စိုက်ပျိုးရေးလုပ်တာ၊ အခြေချ နေထိုင်လာကြတာမျိုး ရှိလာရင် တခုခုဖြစ်ဖို့ ကျိန်စာတိုက်ခဲ့တာလို့လည်း တချို့သောလူတွေက ယုံကြည်ထားကြပါတယ်။

ဖာထိတို့အိမ်က စားကျက်မြေထဲမှာပါ။ နေလာတာကြာတော့ အိမ်ဝိုင်းလေးတခုလို ဖြစ်နေပါပြီ။ အိမ်တလုံး နွားတင်းကုတ်တလုံးနဲ့ ကုက္ကိုလ်ပင်တွေ ပေါက်နေတဲ့ ကုက္ကိုလ်ပင်ဝိုင်းလေးတခု ရှိတယ်။ ခြံလေးရဲ့ လေးဘက်လေးတန်မှာတော့ သရက်ပင်တွေကို အစိပ်အကြဲညီညီ စိုက်ထားတယ်။

“ဒီခြံကို တည်ဖို့အတွက် သရက်ပင်တွေစိုက်လိုက်တာ” လို့ ဖာထိက သူ့ခြံ စ တည်ဖြစ်ခဲ့ပုံကို စကားဝိုင်းထဲမှာ မကြာခဏ ထည့်ထည့်ပြောတတ်တယ်။

“ကန်သင်းလုံးနဲ့ တတောင်ခွာပြီး စိုက်ထားတာ။ တနေ့ကျရင် နယ်ခြားအငြင်းပွားတာတွေ မရှိအောင်လို့ အခုလိုစိုက်ထားတာ” လို့ ဖာထိက သရက်ပင်တွေကို ဘာကြောင့် အခုလို စိုက်ထားရတာလဲ ဆိုတာကို ရှင်းပြတတ်ပါတယ်။

လယ်ကွက်တခုနဲ့တခု ခြံတခြံနဲ့တခြံ အိမ်ဝိုင်းတခုနဲ့တခုကြား အငြင်းပွားနိုင်ဆုံးသောအရာက အချိုလုတာပါ။ နယ်ခြားစည်းမျဉ်း သူ့ဘက်ပါတယ် ငါ့ဘက်ပါတယ်နဲ့ ပြဿနာဖြစ်တတ်တာမျိုးပါ။

နယ်ကြားလုတဲ့ပြဿနာက ရုံးရောက် ဂါတ်ရောက် ဖြစ်ပြီး တရားတဘောင် ရင်ဆိုင်ကြရတာမျိုးတွေက မကြာခနဆိုသလို ဖြစ်လာတတ်လို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဖာထိက ရှေ့ရေးကို တွေးမျှော်ပြီး နယ်စပ်စည်းမျဉ်းအစပ်တွေမှာ သရက်ပင်တွေကို တန်းပြီး စိုက်ထားလိုက်တာပါ။

“ကန်သင်းလုံးဘေး တတောင်ခွာ စိုက်ထားတာ” လို့ ဖာထိက သူ ဘယ်လောက် စနစ်တကျရှိတဲ့ အကြောင်းကို ထည့်ပြောတတ်သေးတာပါ။ တတောင်ခွာလို့သာ ပြောတာပါ။ သရက်ပင်ခြေရင်းကို ကြည့်တော့ အဲဒီအကွာအဝေး မရှိတော့တာကိုလည်း ဖာထိက သတိထားမိပါတယ်။

“အပေါ်က တတောင်မြေလုရင် အောက်မှာက နှစ်သိန်းလေးသောင်း မြေထုရှိတယ်။ တဖက်လူပိုင်တဲ့‌မြေကို မလုကောင်းပါဘူး” လို့ ဖာထိက သူ့ရဲ့ နယ်စပ်စည်းမျဉ်းဘေးက မြေသားတချို့ ပဲ့ပဲ့ပါသွားတာကို ကြည့်ပြီး ပြောတတ်ပါတယ်။

ခြံကွက် တဖက်နဲ့တဖက်ကြားမှာ တတောင်လောက်ရှိတဲ့ ကန်သင်းလုံးတခုရှိတယ်။ ဖာထိက ဒီကန်သင်းလုံးဘေးရဲ့ နောက်ထပ် တတောင်အကွာကနေ သရက်ပင်တွေကို စိုက်ခဲ့တာ ဖြစ်ပါတယ်။ ကြာတော့ ခြံဝယ်စက နယ်ခြားထားတဲ့ ကန်သင်းလုံးလည်း မရှိတော့ပါဘူး။ နယ်စပ်စည်းမျဉ်းက သူစိုက်ထားတဲ့ သရက်ပင်ခြေရင်းအနားကို ရောက်လာပြီလည်း ဖြစ်ပါတယ်။

ဒီစားကျက်မြေကို ပြောင်းပြီးနေတဲ့ အစပိုင်းနေ့ရက်တွေက ဖာထိတို့မိသားစု လုပ်ငန်းကိုင်ငန်း အဆင်ပြေပြေ ရှိခဲ့ပါတယ်။ ဖာထိမိန်းမက သားယောက်ျားလေးတွေကို တယောက်ပြီး တယောက် မွေးထုတ်ပေးတယ်။ တင်းကုတ်ထဲက နွားဖြူမကြီးတကောင်ကလည်း နွားထီးတွေ တကောင်ပြီးတကောင် ပေါက်တယ်။

အရပ်ထဲမှာတော့ ဖာထိမိန်းမကို ကလေးတွေ ဆက်မွေးဖို့ ပြောကြတယ်။ ဘောလုံးတသင်းစာ လူစာရင်းပြည့်တဲ့အထိ ဆက်ပြီးမွေးပါဆိုပြီး ပြောကြတာ။ တင်းကုတ်ထဲက နွားဖြူမကြီးကလည်း ပေါက်လာသမျှ နွားထီးတွေချည်းပဲ။ ခိုင်းနွားတရှဉ်း မကတော့ဘူး။ 

လယ်ထဲက စပါးစိုက်ခင်းတွေ ဆိုတာလည်း အထွက်နှုန်းတိုးလို့ ဖာထိတို့ စိုစိုပြည်ပြည် ဖြစ်ခဲ့ကြတဲ့ နှစ်ကာလတွေလို့တောင် ပြောလို့ရတယ်။ ဒီလိုအချိန်ကာလကလည်း သိပ်မကြာလိုက်သလိုပါပဲ။ ဖာထိတို့မိသားစုရဲ့ စီးပွားရေး အခြေအနေက အတက်ဘက်ကို ဦးတည်သွားတာမဟုတ်ဘဲ အကျဘက်ကို မသိမသာလေး နောက်ဆုတ်လာပါတယ်။ မှန်းချက်နဲ့ နှမ်းထွက် မကိုက်တဲ့နှစ်တွေ ရှိလာတယ်။ မိုးခေါင်တာ၊ စပါးအထွက်နှုန်း ကျလာတာ၊ မြေဆီမြေဩဇာ ဆုတ်ယုတ်လာတာတွေက ဖာထိတို့လို တောင်သူဦးကြီးတွေ ဖြစ်ကြတဲ့ လယ်သမားတွေကို ထိုးနှက်ချက်တခုလို ဖြစ်လာတယ်။

လယ်ထဲမှာ စပါးစိုက်ဖို့တောင် အနိုင်နိုင်ဖြစ်လာတယ်။ လယ်စိုက်ဖို့ အရင်းအနှီးတွေ လိုလာတာ၊ မြေဆီ မြေဩဇာ စရိတ်တွေ လိုလာတာ၊ နောက်ဆုံး မျိုးစပါးဝယ်ဖို့အတွက်တောင် အရင်းအနှီး မရှိတော့တာနဲ့ ရင်ဆိုင်လာရပါတော့တယ်။

ဒီလိုကြုံရတော့လည်း ဖာထိ အပြုံးမပျက်ပါဘူး။ စပါးမျိုးဝယ်ဖို့၊ မြေဆီမြေဩဇာတွေ ဝယ်ဖို့အတွက် ဘယ်သူ့ဆီမှာ ငွေရှာလို့ရမလဲ ဆိုတာပဲ ထိုင်တွေးနေတတ်ပါတယ်။

ငွေရှာလို့ရလာပြန်တော့ တနှစ်စာ လယ်ယာလုပ်ငန်းခွင်ထဲဝင်ဖို့ အသင့်ပြင်ထားလို့ ရသွားပါပြီ။ လယ်ထဲမှာ စပါးတွေ စိုက်လို့ပျိုးလို့ ပြီးချိန်ဆို ဖာထိတို့အိမ်မှာ တခြားအလုပ် မယ်မယ်ရရ မရှိတော့ဘူး။ ဒီလိုအချိန်ကို ထွန်တုံးပိတ်ချိန်လို့ ပြောကြတယ်။

ထွန်တုံးပိတ်ချိန် အလုပ်တွေနားနေရချိန်မျိုးမှာ ဖာထိက နှီးတွေ တစည်းပြီးတစည်း ထိုင်ထိုးနေတတ်တယ်။ နှီးထိုးနေရင်း ညောင်းလာတဲ့အချိန်ဆို ဆေးလိပ်ကိုမီးညှိပြီး ထိုင်ဖွာနေတော့တာပဲ။

ဆေးလိပ်ဖွာနေချိန်မျိုးမှာ ဖာထိက တခုခုကို တွေးနေတတ်တယ်။ သူ့အတွေးထဲမှာတော့ ဒီနှစ် လယ်သိမ်းချိန်မှာ ယူထားတဲ့ အကြွေးတွေ ကျေတဲ့အထိ စပါးအထွက် တိုးပါ့မလား ဆိုတာလည်း ပါချင်ပါမှာပါ။ စပါးတဖြတ် ဆပ်လို့မကျေရင် ပဲတဖြတ်နဲ့ ကျေလောက်တဲ့အကြောင်းလည်း ‌တွေးချင်တွေးနေမှာပါ။ သူ့အတွေးထဲမှာတော့ သူယူထားတဲ့ အကြွေးကျေလို့ အပိုအလျှံကလေး ရှိလာနိုင်တယ် ဆိုတာမျိုး ပါချင်မှပါမှာပါ။ ဘာကြောင့်လဲဆိုတော့ ယူထားတဲ့အကြွေးတွေက တနှစ်ထက်တနှစ် ပိုပိုပြီး တိုးလာလို့ပါ။ ယူရတဲ့ငွေပမာဏလေး တဖြည်းဖြည်း လျော့နိုင်ကောင်းပါရဲ့လို့တော့ တွေးချင်တွေးနေမှာပါ။

တောင်အရပ်က မိုးတွေညို့လို့လာတယ်။ ဖာထိက မိုးရိပ်လေဆင်ကိုကြည့်ပြီး ပါးစပ်က အသံထွက်ပြီး ရေရွတ်လိုက်တယ်။

“မိုးဖြူမစဲ မိုးမဲမရွာ” တဲ့။

အဖြူရောင် တိမ်စိုင်တိမ်လိပ်တွေက အချိန်ကြာကြာ မိုးရွာမယ့်သဘော။ မှောင်မှောင်မည်းမည်း မိုးတွေ အုံ့ဆိုင်းလာရင်တော့ လေတိုက်လို့ တိမ်တွေလွင့်စင်သွားပြီး မိုးမရွာတော့ဘူးဆိုတာ ဖာထိက ရာသီဥတုကို သဘာအရ သိထားပါတယ်။

တောင်အရပ်က မိုးရိပ်လေဆင် ဆင်လာတာကို မိုးဖြူလို့ပဲ သတ်မှတ်ရမယ် ထင်ပါတယ်။ တကယ်တမ်း ရွာကျလာတော့ အချိန်အကြာကြီး ရွာနေလို့ပဲ ဖြစ်ပါတယ်။ မိုးတွေရွာတဲ့အချိန်မှာ ဖာထိကျောပြင်က ပွေးတွေ အယားထလာပါတယ်။ မိုးတွေမရွာတာ ကြာသွားပြီဆို ဘယ်အချိန် မိုးပြန်ရွာမလဲဆိုတာ ဖာထိက သိနှင့်နေတယ်။ ကျောပြင်ပေါ်ကပွေးတွေ တအားယားယံလာတဲ့အခါ မိုးတွေရွာတော့မယ်ဆိုပြီး ပြောတတ်တယ်။

ဖာထိကျောပြင်ပေါ်က ပွေးကွက်တွေနဲ့ မိုးနဲ့ ဘယ်လိုများ ဆက်စပ်နေသလဲ ဆိုတာတော့ မသိပါဘူး။ လယ်တောင်သူကြီး ဖာထိတယောက် အရည်ပြားသန့်ရှင်းရေးအတွက် ဆပ်ပြာကောင်းကောင်း ဝယ်မတိုက်နိုင်တာလည်း ကြာခဲ့‌‌ပြီလေ။

“ကြွေးထူမပူ ပွေးထူမယားဘဲဟေ့”

ဖာထိက မိုးတွေတအားကျနေချိန်ဆို ထထပြီးအော်လေ့ရှိတဲ့ စကားသံပါ။ ကျောပြင်က ပွေးတွေထူနေတာ အကြွေးထူလာတာတွေက တနှစ်ထက်တနှစ် လျော့သွားတယ်မှ မရှိဘဲ။ ပိုတိုးလာလို့ပဲ ဖြစ်ပါတယ်။

ရာသီက စပါးတွေရိတ်ချိန် သိမ်းချိန်ပြီးလို့ ပဲစိုက်ရာသီကို ရောက်လာတယ်။ ပဲစိုက်တဲ့ရာသီကို ကျော်လွန်ပြီး ပဲသိမ်းချိန်ကိုတောင် ရောက်လာခဲ့ပါပြီ။ စပါးပေါ်တဲ့တဖြတ်က ဆပ်စရာအကြွေးတွေကို မကျေခဲ့လို့ ကြွေးရှင်တွေကို ပဲတဖြတ်စောင့်ပေးပါလို့ ပြောထားရတယ်။ ပဲနှုတ် ပဲသိမ်းချိန်ကို ရောက်လာတဲ့အတွက် ဘယ်လောက်လက်ထဲ ကျန်မလဲဆိုတာ ဖာထိက တတ်‌သလောက် မှတ်သလောက် တွက်ချက်ထားပါတယ်။ တွက်ထားမိသလောက်ကလည်း ကာမိမှာ မသေချာသေးပါဘူး။

ညနေခင်းတခုမှာ ဖာထိက သားနှစ်ယောက်နဲ့အတူ လယ်ကွက်ထဲက ပဲတွေ သိမ်းနေကြတယ်။ ပဲခင်းထဲ ပဲလာနှုတ်သူတွေလည်း ရှိကြတယ်။ ဖာထိရဲ့သားနှစ်ယောက်က တက်တက်ကြွကြွနဲ့ လယ်ကွက်ထဲက ပဲတွေကို ခြင်းထဲထည့်ပြီး တနေရာကို ထမ်းသယ်နေကြတယ်။ သားနှစ်ယောက်က ကလေးတွေပီပီ ဘာအပူအပင်မှ မရှိဘဲ အလုပ်လုပ်ရင်း သီချင်းတောင် ဆိုလိုက်ပါသေးတယ်။

လယ်ကွက်ထဲ ပဲနှုတ်နေတဲ့ အမျိုးသမီးတဦးက ဖာထိကို လှမ်းပြောလိုက်တယ်။

“ဖာထိက ကလေးတွေကို ဆန်ပြုတ်တိုက်ပြီး နွားလိုခိုင်းတာပဲ”

ဒီလိုပြောသံကိုကြားတော့ ဖာထိက မျက်တောင်ခပ်မြန်မြန်လေး ပုတ်ခတ်လိုက်တယ်။ သေချာတာက ဖာထိတယောက် စိတ်ထိခိုက်သွားပုံပါပဲ။ ဒီနေ့မနက် သူ အိမ်မှာချလိုက်တဲ့ အမိန့်ကြောင့် သူ အခုလိုဖြစ်သွားရတယ် ဆိုတာကို သိလိုက်ပါတယ်။

ဖာထိရဲ့ သားနှစ်ယောက်မှာ အကြီးကောင်က နေ့စဉ်မှတ်တမ်း ရေးလေ့ရှိသူ။ ညမိုးချုပ်လို့ ညီအစ်ကိုနှစ်ယောက် စာကြည့်စားပွဲရောက်တော့ အကြီးကောင်က သူ့ရဲ့ နေ့စဉ်မှတ်တမ်းစာအုပ်ကို ဆွဲထုတ်ပြီး ဒီကနေ့ အိမ်မှာ ဘာတွေဖြစ်ခဲ့သလဲ ဆိုတာကို ချရေးပါတယ်။

“ဒီကနေ့မနက် မိုးလင်းတော့ ငါ့အဖေနဲ့အမေ တယောက်တခွန်း စကားများ‌နေတဲ့အသံကို ကြားရတယ်။ ထမင်းကြော်ထဲ ဆီထည့်တာ များလို့ဆိုပြီး ငါ့အဖေက ရန်လုပ်နေတာ။ ငါတို့ညီအစ်ကိုတွေက အမေကြော်ပေးတဲ့ ထမင်းကြော်ကို ကြိုက်ကြတယ်။ ထမင်းကြော် ကြော်ကျွေးလို့ဆိုပြီး အမေနဲ့အဖေ ခဏခဏ ရန်ဖြစ်ကြတယ်။

ငါ့အဖေ ဘယ်လောက်ပဲ ရန်လုပ်နေပါစေ၊ ငါ့အမေက ငါတို့ကို ထမင်းကြော် ကြော်ကျွေးတယ်။ သူကြော်တဲ့ ထမင်းကြော်က ဆီးနည်းနည်းနဲ့ နနွင်းများများနဲ့။ ဒီကနေ့ အဖေက ခါတိုင်းလို ရန်ဖြစ်ရုံနဲ့ အတောမသတ်နိုင်ဘူး။

နေ့လယ်စာ ထမင်းအတွက် ထမင်းထပ်မချက်နဲ့လို့ ငါ့အမေကို အမိန့်ထုတ်လိုက်တယ်။ ငါ့အမေလည်း ငါ့အဖေပြောတဲ့အတိုင်း နေ့လယ်စာ ထမင်းအိုး မတည်တော့ဘူး။ ငါ့အဖေပြောတဲ့အ‌တိုင်းပဲ ဆန်ပြုတ်ပြုတ်လိုက်တယ်။ နေ့လယ်စာထမင်းဝိုင်းမှာ ငါရယ်၊ ငါ့ညီလေးရယ်၊ ငါ့အဖေရယ်၊ ငါ့အမေရယ် ဆန်ပြုတ်ပဲ သောက်ကြတယ်။

အဲဒီထမင်းဝိုင်းလေးမှာ ငါ့အမေက မျက်နှာမကောင်းဘူး။ ငါနဲ့ ငါ့ညီလေးက ဆန်ပြုတ်တွေကို အားရပါးရ သောက်ကြတယ်။ ညနေက လယ်ထဲမှာ မိန်းမကြီးတယောက်က ငါ့အဖေကို ပြောတယ်။ “ကလေးတွေကို ဆန်ပြုတ်တိုက်ပြီး နွားလိုခိုင်းတာ”ပဲလို့ ပြောတော့ ငါ့အဖေ မျက်ရည်ကျတာ ငါတွေ့လိုက်တယ်။ ဘာဖြစ်သွားလဲဆိုတာ ငါမသိဘူး”

ဖာထိက ခပ်ပြုံးပြုံးနေတတ်သူတယောက်။ သူပြုံးတဲ့အခါ နှုတ်ခမ်းကိုစေ့ပြီး ပြုံးတာမျိုး မဟုတ်ဘူး။ ရွှေသွားတွေပေါ်အောင်ကို ပြုံးတာ။ သူ့ရှေ့သွားနှစ်ချောင်းမှာ ရွှေသွားတွေ တပ်ထားတယ်။

လယ်အလုပ်က ဖာထိကို စိတ်ဒဏ်ရာတွေများစွာ ပေးခဲ့တယ်လို့ ပြောရပါမယ်။ လုပ်သမျှ မဖြစ်ထွန်းတဲ့အတွက် စိတ်ထဲ တွေးမိတွေးရာ တွေးပြီး လုပ်မိလုပ်ရာ လုပ်မိတာမျိုးတွေ ရှိလာတယ်။

ဖာထိမိန်းမကတော့ အကြံတခုပေးတယ်။ လယ်တွေရောင်းထုတ်ဖို့ပါ။ ဖာထိမိန်းမ အကြံပေးတဲ့အထဲမှာ လယ်တွေလုပ်တိုင်းမဖြစ်တာ ကျိန်စာတိုက်ခံရလို့ပဲ။ စားကျက်မြေမှာ လူတွေက လယ်တွေစိုက်ကြတယ်။ စားကျက်မြေဆိုတာ အင်္ဂလန်က ဘုရင်မကြီး ကျိန်စာတိုက်ခဲ့တာ။ ဒီလို ကျိန်စာတိုက်ထားတဲ့ မြေပေါ်မှာ လယ်လုပ်မိလို့ အခုလို ဆင်းရဲတွင်း နက်သည်ထက် နက်လာတာပဲလို့ ပြောပါတယ်။

ဖာထိက ဘာမှပြန်မပြောပါဘူး။ နှီးထိုင်ဖျာတာ၊ ဆေးလိပ်ထိုင်ဖွာတာပဲ လုပ်နေပါတယ်။ ချည်စရာ ဝါးနှီးတွေက အတော်များများ စုမိဆောင်းမိ ဖြစ်လာပါတယ်။ ဒီလောက်များတဲ့ ဝါးနှီးတွေ ဘာလုပ်မလို့လဲလို့ မေးရင် နောက်နှစ် မိုးကျရင် စပါးပျိုးပင်တွေကို ချည်ဖို့ စုထားတာလို့ ဖာထိက ပြောရှာပါတယ်။   ။

တာပလု

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024