
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တောင်ခြမ်းကို ဩဂုတ် ၁၆ ရက် ဒီမနက်ပိုင်းမှာ စစ်တပ်စစ်ကြောင်းထိုးလာလို့ ဒေသခံထောင်နဲ့ချီ နေရပ်စွန့်ခွာထွက်ပြေးနေကြရပါတယ်။
စစ်ကြောင်းဟာ မုံရွာ-ယာကြီး လမ်းမပေါ်မှာရှိတဲ့ ဘန့်ဘွေးရွာမ ပျူရွာကနေ စတင် စစ်ကြောင်းထိုးလာတာလို့ သိရပါတယ်။
လယ်ရှည်ရွာသားတယောက်က “စစ်ကြောင်းစထွက်လာပြီလို့ တော်လှန်ရေးအဖွဲ့တွေရဲ့ စကားပြောစက်ကနေ ကြားရလို့ ရွာကနေ ထွက်ပြေးခဲ့တာ။ တရွာလုံးမှာရှိတဲ့ လူတွေအကုန် ထွက်ပြေးခဲ့ကြတာ။ တိုက်ပွဲဖြစ်ကြဦးမယ်ထင်တယ်။ လောလောဆယ်တော့ အသက်မသေရေးပဲ ဦးစားပေးရမယ်” လို့ ပြောပါတယ်။
စစ်တပ်ဟာ ဩဂုတ် ၁၅ ရက်နေ့က မုံရွာမြို့ ရွှေတောင်ဦးဘုရားအနီး အောင်ဇေယျမြို့သစ်ကနေ စစ်ကား ၉ စီးနဲ့ ဘန့်ဘွေးပျူရွာကို အင်အားဖြည့်တင်းပြီး ဒီနေ့ မြေပြင် စစ်ကြောင်း စထိုးလာတာဖြစ်တယ်လို့ သိရပါတယ်။
ကနီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တယောက်က “စစ်ကြောင်း စထိုးလာတာဟုတ်တယ်ဗျ။ နေရပ်စွန့်ခွာနေကြရတဲ့ ကျေးရွာတွေက လယ်ရှည်၊ တွင်း၊ ချင်းတောင်၊ ရွာသစ်၊ ချောင်းမ၊ သင့်ဝင်၊ မင်းမ၊ သမင်ခြံ၊ ယက္ကန်းတိုင်၊ ကျွဲသောက်ကန် စတဲ့ အနီးအနားကကျေးရွာတွေဗျ။ ပြောရရင် ကနီတောင်ခြမ်းကကျေးရွာတွေက ထောင်နဲ့ချီရှိတဲ့ပြည်သူတွေလို့ အကြမ်းဖျင်းပြောရမယ်” ပြောပါတယ်။
ချင်းတွင်းမြစ်ထဲကနေလည်း စစ်မော်တော်နဲ့ ဖလပ်ခွံတွေ စုန်ဆင်းလာတာကြောင့် မြစ်ကမ်းဘေး ကျေးရွာတွေက ပြည်သူတေွ တိမ်းရှောင်ဖို့ ပြင်ဆင်နေကြပြီလို့ သိရပါတယ်။